လျှန် သူ့လက်ကိုအတင်းဆွဲပြီး lover seat မှာ ဝင်ထိုင်စေတော့ လျှန့်ကို မျက်လုံးလှန်ပြီး မကျေမချမ်းနဲ့ ကြည့်လာပြန်သည်။ စင်ရော်တောင်လို လှတဲ့မျက်ခုံးလေးနှစ်ဖက်ကို တွန့်ချိုးထားလိုက်တာများ ကျိုးပဲ့သွားမလားတောင် စိုးရိမ်မိသည်။
အလိုမကျဖြစ်နေတဲ့ မျက်ဝန်းအစုံကို မသိကျေးကျွန်ပြုပြီး လျှန် ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်တော့ နေးလက်ျာက ကားနောက်မှီပေါ် ခေါင်းတင်ရင်း မျက်လုံးမှိတ်ထားပြီး လျှန့်ကို လျစ်လျှူရှုနေသည်။ လျှန်လည်း ဘာမှဆက်မပြောတော့ပဲ ထိုနေရာကနေ အမြန်ကားမောင်းထွက်လာသည်။
" နေးလက်ျာ... ညစာစားပြီးပြီလား "
" အိမ်ပဲပြန်ပို့ပေးပါ "
" ကိုယ် ဘာမှမစားရသေးဘူး "
အဆီအငေါ်မတည့်စွာထွက်လာတဲ့ စကားတွေကြောင့် နေး မျက်လုံးမှိတ်ထားရာကနေ သက်ပြင်းကြမ်းကြမ်းတစ်ချက်ချပြီး ဒုဉက္ကဌဘက်ကို လှည့်ကြည့်လိုက်တော့ ကားစတီယာတိုင်ကို လက်တစ်ဖက်နဲ့သာကိုင်ပြီး လက်တစ်ဖက်က google map မှာ တစ်ခုခုကို ရှာနေတဲ့ပုံ။ ညနက်နေပြီမို့ ကားအသွားအလာရှင်းသော်ငြားလည်း အန္တရာယ်များလွန်းလေသည်။
" ဘာလုပ်နေတာလဲ... ကားကိုအာရုံစိုက်ပြီး မောင်းပါ ဒုဉက္ကဌ "
နေး ပြောလိုက်ပြီးမှ လေသံအနည်းငယ်မာသွားသည်ကို သတိထားမိ၍ ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ကိုက်ထားမိသည်။ ဘယ်လိုပဲ အဆင်မပြေဘူးပြောပြော သူက ကိုယ့်အလုပ်ရှင်ပဲလေ။ နေးဘက်က အခုလို ပြောလိုက်တာက မသင့်တော်ဘူးလို့ တွေးမိသွားသည်။ သူတစ်ယောက်တည်း အတွေးများနေသည်မို့ ဒုဉက္ကဌက သူ့ကိုစိုက်ကြည့်နေသည်ကို နောက်မှသတိထားမိသွားသည်။
" ဘာလဲ... ကိုယ် တစ်ခုခုဖြစ်မှာ စိုးရိမ်လို့လား "
" မ... မဟုတ်ပါဘူး... ဉက္ကဌကြီးအတွက် တွေးမိသွားလို့ပါ... ဒုဉက္ကဌတစ်ခုခုဖြစ်သွားရင် ဉက္ကဌကြီးက အလုပ်တွေပိုများလာပြီး ကျန်းမာရေးထိခိုက်မှာ စိုးလို့ပါ "
" ဒါဆိုလည်း သားဖြစ်တဲ့ကိုယ့်အစား မင်းက ဒယ့်ဒီကို ပိုဂရုစိုက်ပေးပေါ့ "
တည်တန့်တန့်လေးဖြစ်သွားပြီး တစ်ဖက်ပြန်လှည့်သွားတဲ့ လိမ္မော်ရောင်ကျူးလစ်ပန်းက ဒီအတိုင်းငေးကြည့်လေးနဲ့တင် လျှန့်ရင်ကို အေးချမ်းစေသည်။ ပိုင်သူမဆိုထားနဲ့ ဆိုင်သူတောင်မဖြစ်နိုင်သေးတဲ့ သူ့အတွက် အခွင့်အရေးကို စောင့်မျှော်နေမှာ မဟုတ်ပဲ ကိုယ်တိုင်ဖန်တီးယူမှာမို့ အတားအဆီး၊ ဆုံးရှုံးမှုတွေဆိုတာရှိလာနိုင်မယ်ဆိုရင်တောင်မှ ဒီအလှလေးကိုတော့ သူ အထိအခိုက်မခံနိုင်အောင် ချစ်မိနေပြီဆိုတာ သေချာပါသည်။
ဦးနှောက်ထဲရှိတဲ့ ပျော်စရာတွေနဲ့အတူ
တကယ်မြတ်နိုးရသူလေးရေ
လူဆိုတာရာနှုန်းပြည့် အပြစ်မကင်းဘူး
ကိုယ်ဟာ အရမ်းမကောင်းဘူး
ဒါပေမယ့်လည်း မင်းသာ ပြန်ချစ်ရင်
နှလုံးသားနဲ့ အသက်လည်း ကြည်ဖြူပါမယ်
သီချင်းခပ်တိုးတိုး ဆိုမိတော့ လျှန် မရိပ်မိအောင် ခပ်စောင်းစောင်းလေး ခိုးကြည့်လာတဲ့နေးကို လျှန် လှည့်မကြည့်ပေမယ့် မျက်လုံးထောင့်ကနေ မြင်နေရသည်။ ပြန်လည်အေးစက်သွားတဲ့ လေထုကိုဖြိုခွင်းဖို့ မကြိုးစားတော့ပဲ နေးကို အိမ်ပြန်ပို့ပေးဖို့သာ ဦးတည်လိုက်သည်။ နေးလက်ျာပုံစံက အနည်းငယ်နွမ်းနယ်နေပုံပေါ်နေသည်မို့။
နေး ကားမှန်အပြင်ဘက် ညရှုခင်းတွေကို ငေးကြည့်နေရင်းက အမှတ်တမဲ့နဲ့ ကားနောက်ကြည့်မှန်ကို ကြည့်မိတော့ နေးတို့နောက်ကိုလိုက်လာတဲ့ ကားအနက်တစ်စီး။ အစပိုင်းကတော့ သူ့လမ်းသူသွားနေတာပါလို့ ဂရုမစိုက်ပဲနေလိုက်ပေမယ့် အချိန်တော်တော်ကြာတဲ့အထိ နေးတို့နောက်ကိုသာ တောက်လျှောက်လိုက်လာသည်ကြောင့် ဒါက ကိုခန့်လူတွေပဲ ဖြစ်ရမယ် လို့ နေး တွေးမိသွားတယ်။
နေး သတိထားမိသလို ဒုဉက္ကဌလည်း သိနေမလား ဆိုပြီး မသိမသာလှည့်ကြည့်လိုက်ပေမယ့် ဘာမှရိပ်မိပုံမရတဲ့ ဒုဉက္ကဌက သီချင်းတိုးတိုးသာ ညည်းလို့နေသည်။ ဖြတ်ခနဲပေါ်လာတဲ့အတွေးနဲ့အတူ ကိုခန့်ကိုအရွဲ့တိုက်ဖို့ နေး စိတ်ကူးရသွားသည်။ ဒုဉက္ကဌကို အသုံးချဖို့ရည်ရွယ်တာမျိုး မဟုတ်ပေမယ့်လည်း အခုချိန်မှာ နေးအနားမှာက ဒုဉက္ကဌပဲရှိနေသည်ကိုး။
" ဟို... ဒုဉက္ကဌ ဗိုက်ဆာတယ်ဆို "
အဆက်အစပ်မရှိ စကားဆိုလာတဲ့နေးကို လျှန် မျက်ခုံးပင့်ပြီး ကြည့်မိတော့ နားရွက်ဖျားလေးကို အသာကုတ်ရင်း လျှန့်အကြည့်ကိုရှောင်လွှဲသွားသည်။
" မင်း အိမ်ပြန်ချင်နေပြီဆို "
လျှန်က မျက်နှာကို တည်တည်ထားရင်း ပြန်ပြောလိုက်တော့ အလိုမကျဖြစ်သွားတဲ့ နေးရဲ့မျက်နှာလေးကြောင့် လျှန် သတိလက်လွတ် ကားဘရိတ်ကို နင်းမိသွားသည်။ ယောကျာ်းလေးတစ်ယောက် စိတ်အလိုမကျဖြစ်သွားတဲ့ အမူအရာလေးက အဲ့လောက်ချစ်စရာကောင်းနေဖို့ လိုလို့လား။ ဒါမှမဟုတ် နေးလက်ျာဖြစ်နေလို့ပဲ အဲ့လောက်ချစ်ဖို့ကောင်းနေတာလား။
" ဘာဖြစ်တာလဲဟင် "
လျှန် သတိလက်လွတ် ကားဘရိတ်နင်းမိသွားတော့ နေး က အလန့်တကြားနဲ့ အမေးရှိလာသည်။
" ဘာမှမဖြစ်ပါဘူး... မင်း ဘယ်ဆိုင်ကို recommend ပေးချင်လဲ "
" ကျွန်တော်က ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်... ဒါပေမယ့် မိုအရမ်းချုပ်နေပြီဆိုတော့ ဆိုင်တော်တော်များများက ပိတ်နေလောက်ပြီ... ညလုံးပေါက်ဖွင့်တဲ့ဆိုင်မျိုးမှာပဲ စားလို့ရတော့မှာ... ဒုဉက္ကဌ အဆင်ပြေပါ့မလား "
" ကိုယ် အဆင်ပြေပါ့မလားဆိုတာထက် မင်း အဆင်ပြေမယ်ဆိုရင် ကိုယ် တစ်နေရာခေါ်သွားချင်တယ် "
ကားကိုလမ်းဘေးတစ်နေရာမှာ ရပ်လိုက်ပြီး နေးကို အသေအချာစိုက်ကြည့်ရင်း ခွင့်တောင်းသည်မမြည်သော ခွင့်တောင်းစကားတစ်ခွန်းကြောင့် နေး သတိလက်လွတ် အသက်အောင့်မိသွားသည်။ စက္ကန့်ပိုင်းလောက်ဆုံမိခဲ့တဲ့ မျက်ဝန်းတစ်စုံမှာ အဓိပ္ပာယ်မဖော်နိုင်တဲ့ ပဟေဠိတို့ကိန်းအောင်နေသယောင်။ ချက်ချင်းဆိုသလိုပဲ အသိပြန်ဝင်လာခဲ့ပြီး နေးဘက်ကနေ ဦးအောင်အကြည့်လွှဲလိုက်သည်။
နေးလက်ျာ... အသိစိတ်တွေ ကပ်ထားစမ်း
ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပြီး နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ရင်း ဒုဉက္ကဌရဲ့တောင်းဆိုမှုကို နေး ခေါင်းညိတ်လက်ခံလိုက်တော့ ဒုဉက္ကဌက ခပ်ရေးရေးလေးပြုံးပြပြီး ဖုန်းတစ်ခုကိုခေါ်လိုက်သည်။ နောက်တော့ နေးကို အိမ်ပြန်ပို့မယ့်လမ်းကြောင်းကနေ လားရာမတူတဲ့လမ်းကြောင်းတစ်ခုကို ရွေးချယ်မောင်းနှင်သွားတော့သည်။ ဘယ်ကိုသွားမလဲဆိုတာကို နေး မမေးမိသလို စိတ်လည်းသိပ်မဝင်စားသည်မို့ မျက်လုံးအသာမှိတ်ပြီးသာ လိုက်လာတော့သည်။
နေးရဲ့အတွေးနဲ့ စိတ်ဝိဉာဉ်အားလုံးက ကိုခန့်ဆီမှာသာ ရောက်လို့နေသည်။ ကိုခန့်နဲ့အဆင်မပြေဖြစ်ပြီး ပြန်သွားတိုင်း အိမ်မှာပဲခွေနေတတ်တဲ့ နေးလက်ျာမဟုတ်တော့ဘူးဆိုတာ ကိုခန့်ကိုသိစေချင်သည်။ ဘယ်လောက်ပဲစိတ်ဆိုးဆိုး၊ စိတ်ကောက်ကောက် အချိန်တန်ရင် ကိုခန့်ပြန်ချော့တိုင်း စိတ်ပြေတတ်တဲ့ နေးလက်ျာက ပြောင်းလဲနေတတ်ပြီဆိုတာ ကိုခန့်ကိုနားလည်စေချင်သည်။
နေးဘက်က ချစ်ပြမိလို့များ ကိုခန့်က အလေးမထားတာလား။ မလွယ်ကူတဲ့ချစ်ခြင်းတွေမို့ နေးဘက်က ကိုခန့်ကို အပြည့်အဝသဘောထားကြီးပေးခဲ့ပေမယ့် ကိုခန့်ကတော့ အဲ့လိုမဟုတ်ပဲ တဖြည်းဖြည်းနဲ့ ပိုဆိုးလို့လာသည်။ အထိမ်းအမှတ်နေ့တွေရောက်တိုင်း အမှတ်တရနေ့တွေရှိတိုင်း မပျက်မကွက် ပို့လာတတ်တဲ့လက်ဆောင်တွေကို နေး မက်မောခဲ့တာ မဟုတ်ဘူး။ နေးလိုချင်ခဲ့တာ ကိုခန့်ရဲ့အချစ်၊ ကိုခန့်ရဲ့မေတ္တာတွေကိုပါ။
အစစ်အမှန်တွေလို့ ထင်ရပေမယ့် အတုအယောင်နဲ့ ပကာသနတွေကြားမှာ နေးနဲ့ကိုခန့်က ပိုပြီးဝေးကွာလာတယ်လို့သာ နေး ခံစားနေရသည်။ ဒီပုံစံအတိုင်းသာ ဆက်သွားရင် လေးလေးနဲ့ ဂရင်းတို့ကို နေး ကြာကြာလွန်ဆန်နိုင်တော့မယ်မထင်ဘူး။ ကိုခန့်က နေးရဲ့အချစ်ဦးမို့ မလွဲချင်တာတော့ အမှန်ပါ။
" နေးလက်ျာ... နေးလက်ျာ "
နေး မျက်လုံးတို့မှိတ်ထားနေရင်းက ပခုံးကိုလာထိတဲ့ လက်တစ်ဖက်ကြောင့် မျက်ဝန်းထောင့်မှာ ကျလုဆဲဆဲဖြစ်နေတဲ့ မျက်ရည်စတို့ကို တစ်ဖက်လူမမြင်အောင် ခေါင်းအနည်းငယ်စောင်းပြီး လက်ညှိုးနဲ့ အသာတို့လိုက်သည်။ ပြီးမှ မျက်လုံးဖွင့်ကြည့်မိတော့ ရောက်နေတဲ့နေရာက နေး တစ်ခါမှမရောက်ဖူးတဲ့နေရာတစ်ခု။
" ရောက်ပြီ... ကိုယ်တို့ ဆင်းကြမလား "
" ဟုတ် "
နေး ' ဟုတ် ' လို့သာ အဖြေပေးလိုက်ပေမယ့် တကယ်တမ်းကျတော့ ကားပေါ်က မဆင်းသေးပဲ ထိုနေရာလေးရဲ့ အပြင်အဆင်ကို ငေးကြည့်နေတုန်းပင်။
အဝင်ဝမှာ စက္ကူပန်းရောင်စုံနဲ့ မီးရောင်မှိန်ဖျဖျ ထွန်းထားတဲ့အမိုးလေးက ညအမှောင်ထဲမှာတောင် လှပလို့နေသည်။ မြက်ခင်းစိမ်းပေါ်မှာ နေရာချထားတဲ့ ခုံဖြူဖြူလေးတွေရယ် ပန်းပုရုပ်လေးတွေရယ် ပြီးတော့ အဝင်လမ်းတစ်လျှောက် စိုက်ပျိုးထားတဲ့ မိုးမခနွယ်တို့ကလည်း ရင်အေးစေသည်။ မီးရောင်ကိုလင်းနေအောင် မသုံးထားပဲ လိုအပ်သလောက်သာ သုံးထားသည်မို့ လဆန်းရက်ရဲ့ လရောင်လင်းဖြာဖြာကိုလည်း ခံစားရစေသည်။ သစ်သားခြံစည်းရိုးမှာ ချိတ်ထားတဲ့ဆိုင်းဘုတ်ကြောင့်သာ စားသောက်ဆိုင်မှန်း သတိထားမိကြမည်ထင်သည်။
" ဟိတ်... ကားပေါ်က မဆင်းတော့ဘူးလား "
ဆိုင်အပြင်အဆင်နဲ့ ပတ်ဝန်းကျင်ကို ငေးနေမိရာက ကားတံခါးလာဖွင့်ပေးတဲ့ ဒုဉက္ကဌကိုပင် မေ့လို့သွားသည်။ နေး ကားပေါ်ကနေ အမြန်ဆင်းလိုက်ပြီး ခပ်လှမ်းလှမ်းတစ်နေရာကို အကြည့်ပို့မိတော့ အနက်ရောင်ကားလေးက လမ်းရဲ့တစ်ဖက် အနည်းငယ်ဝေးတဲ့နေရာမှာ ရပ်လို့နေသည်။
" ဘယ်လိုလဲ... ဒီနေရာကို မင်း သဘောကျရဲ့လား "
" ဟုတ်... သဘောကျပါတယ်... မြင်လိုက်တာနဲ့ စိတ်ထဲအေးချမ်းသွားတယ်... ဒါနဲ့ ဆိုင်ကဖွင့်ရောဖွင့်ရဲ့လား... လူတွေလည်း မတွေ့ဘူး "
ဒုဉက္ကဌက အဖြေစကားမဆိုပဲ နေးကို အရှေ့ကလျှောက်စေသည်။ ဆိုင်အဝင်ရောက်တော့ နိုင်ငံခြားသားတစ်ယောက်က ဒုဉက္ကဌကို နှုတ်ဆက်လာသည်။ နေး ခုနတုန်းက ထိုလူကို မမြင်မိဘူးပဲ။
" Hey!!... Bro .. Long time no see.. Are you Ok?? "
" အဆင်ပြေပါတယ်... မင်းရော အဆင်ပြေရဲ့လား "
" မင်းကျေးဇူးနဲ့ အိုကေပါတယ် "
" စုမိဆောင်းမိဖြစ်နေပြီပဲ.. ဟ.. ဟ "
" ငါက ဘာမဆိုကြိုးစားတတ်တာ မင်း သိပါတယ် "
နိုင်ငံခြားသားဆိုသူက မြန်မာစကားကို ကျင်ကျင်လည်လည်ပြောလိုက်ရင် ဆိုင်အတွင်းဘက်ကို မျက်စပစ်ပြတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က သူတို့ရှိရာကို အပြုံးလေးနဲ့လှမ်းလို့လာသည်။ သူ(မ)ကတော့ မြန်မာနိုင်ငံဖွား တိုင်းရင်းသူတစ်ယောက်ပဲ ဖြစ်လိမ့်မည်လို့ နေး ကောက်ချက်ချမိသည်။
" ဘုံလျှန် ပြန်ရောက်နေပြီဆိုပြီး အဲရစ် ပြောတုန်းက မစောက စ,နေတယ်ထင်နေတာ... အခုဆိုင်ကိုလာမယ်ဆိုပြီး ဖုန်းဆက်မှ ယုံတော့တယ် "
" မောင်ပြောသားပဲ... အစော မှ မယုံတာ "
" ဟုတ်ပါပြီ... အစောအပြစ်ပါ... ဒါနဲ့ သူလေးက "
" El es mi futura esposo "
" oh!!.. Really "
ဒုဉက္ကဌက ဘာပြောလိုက်လဲ မသိပေမယ့် ထိုအမျိုးသမီးက နေးကို ရွှန်းရွှန်းစားစားကြီး ကြည့်လာသည်မို့ နေး မျက်မှောင်ကျုံ့ပြီး ဒုဉက္ကဌကို မော့ကြည့်လိုက်သည်။ နေး အကြည့်ကိုသိနေသည့်အလား ဒုဉက္ကဌက လက်ကိုခပ်ဖွဖွဆုပ်လိုက်ပြီး နှုတ်ခမ်းနားမှာ ကွယ်ထားလိုက်ရင်း အသံထွက်အောင် တစ်ချက်ရယ်လာသည်။
" နှုတ်ဆက်လိုက်ဦး... ကိုယ်နဲ့အတူတူ England မှာ ကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေ ... ဒါက မစောသဇင် သူ့နာမည်က အဲရစ်.. "
" ဟုတ်... တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော်က ဒုဉက္ကဌရဲ့ အတွင်းရေးမှူး နေးလက်ျာပါ "
" အို့... အို... အတွင်းရေးမှူးတဲ့လား... အချောလေးပဲ... မင်းရဲ့သူဌေးကို သေချာလေးစောင့်ရှောက်ပေးပါဦး "
" ချစ်စရာလေးဟယ်... မောင် မစနဲ့တော့ ... ကလေးက ရှက်နေပြီ... လာ မောင်လေး မစော နဲ့ လိုက်ခဲ့ "
အဲရစ်က စနောက်ပြီးပြောလိုက်တော့ နေးလက်ျာတစ်ယောက် ဘာပြန်ဖြေရမှန်းမသိ အူကြောင်ကြောင်လေး ဖြစ်နေသည်မို့ မစောအသည်းတယားယားနဲ့ ဆွဲခေါ်သွားတော့ နေးလက်ျာက သူ့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ ပါသွားလေသည်။ အဲရစ်လည်း အနောက်ကနေ လိုက်သွားသည်မို့ လျှန်တစ်ယောက်သာ ဆိုင်အဝင်မှာ ကျန်ရစ်ခဲ့သည်။ ဆိုင်ရဲ့တစ်ဖက်လမ်းမှာ ရပ်ထားတဲ့ ကားအနက်ရောင်ရှိရာကို ခေါင်းအသာငဲ့ကြည့်ရင်း နတ်ဆိုးဆိုးဆန်ဆန်ပြုံးလိုက်ကာ ဆိုင်ထဲလိုက်ဝင်သွားတော့သည်။
အစားအသောက်ချေးများလောက်မယ်လို့ ထင်ရတဲ့နေးလက်ျာက ဘာမဆိုကောင်းကောင်းစားနိုင်သည်မို့ လျှန်ပင် အံ့ဩသွားရသည်။ လျှန် ဖုန်းဆက်ထားကတည်းက မစောတို့က အဆင်ပြေလောက်မယ်ထင်တဲ့ မီနူးလေးငါးမျိုးလောက်ကို ပြင်ဆင်ထားပေးသည်။ နေးလက်ျာကြိုက်တာစားနိုင်တယ်လို့ ပြောလိုက်ပေမယ့် အကုန်ကြိုက်နေလိမ့်မယ်လို့တော့ လျှန်လည်း ထင်မထားခဲ့ပါ။ ဒီလိုအကောင်သေးသေးက ဒီလောက်စားနိုင်သတဲ့လား။
အခုလည်း meatball spaghetti ကို စားနေတဲ့နေးလက်ျာက အပူအပင်ကင်းစင်ပြီး ပိဘိကလေးငယ်တစ်ယောက်သဖွယ်။ စတင်တွေ့ဆုံကတည်းက အမြဲလိုလို တွန့်ချိုးထားတတ်တဲ့ မျက်ခုံးတန်းလေးကလည်း အခုချိန်မှာတော့ ပကတိအတိုင်း ဖြောင့်တန်းလို့နေပေသည်။ မျက်နှာဖူးဖူးလေးကလည်း အနည်းငယ် ပြုံးယောင်သန်းနေသလိုပင်။ ကောင်းကောင်းစားသောက်နေတဲ့ နေးလက်ျာကိုကြည့်ပြီး လျှန် ကလေးဆန်ဆန် တွေးလိုက်မိသည်က နောက်ဆိုရင် နေးလက်ျာကို အစားအသောက်နဲ့ ဆွဲဆောင်ရမည်။
" ဒုဉက္ကဌ ဗိုက်ဆာတယ်ဆို... ဘာမှလည်း သိပ်မစားပဲနဲ့ ဗိုက်ပြည့်သွားပြီလား "
စားနေရင်းနဲ့မှ လျှန့်ကို သတိရသွားသည်ထင်ပါရဲ့။ နှုတ်ခမ်းနားတစ်ဝိုက်မှာ spaghetti အနှစ်တွေလည်း ပေနေသည်မို့ လျှန် tissue တစ်ရွက်ယူပြီး နှုတ်ခမ်းပါးလေးကို သုတ်ပေးမိတဲ့ အခိုက်အတန့်။ နူးညံ့တဲ့နှုတ်ခမ်းပါးလေးကို မတော်တဆထိမိသွားခိုက် နှလုံးသွေးများ ပြောင်းပြန်စီးသွားသလိုပင်။ ခြောက်သွေ့လာတဲ့ လည်ပင်းတစ်လျှောက် ရုတ်ခြည်းဆိုသလို ရေဓာတ်ချို့တဲ့သူတစ်ယောက် ဖြစ်သွားသည်။
" sorry... မင်း နှုတ်ခမ်းမှာ ပေနေလို့ "
" ဟုတ်... ရ... ရပါတယ် "
သေစမ်း... နေးလက်ျာ စကားက ဘာလို့ထစ်နေရတာလဲ။
ဒုဉက္ကဌရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် နေးလည်း ကြောင်အနေမိသည်။ နောက်မှ ဒုဉက္ကဌက လက်ကိုပြန်ရုတ်လိုက်ပြီး သူ့ဘက်ကို tissue ကမ်းပေးလာသည်။ သူလည်း tissue တစ်ရွက်ယူလိုက်ပြီး အမြန်သုတ်လိုက်သည်။ ဘေးဘီဝဲယာကို တစ်ချက်ကြည့်မိတော့
" မစောတို့က ပြန်သွားပြီ "
" ဟင်... ဘယ်တုန်းကလဲ "
" မင်း တတိယမြောက်မီနူးကို စားနေတုန်းက "
ဒုဉက္ကဌက သူ့ဘေးမှာထပ်ထားတဲ့ပန်းကန်ပြားကို မျက်စပစ်ပြီး ပြောတော့မှ နေး နည်းနည်းရှက်သွားမိသည်။ အစားအသောက်နဲ့ ပတ်သက်လာရင် သူက အဲ့လိုပဲ သတိလက်လွတ် ဖြစ်တတ်မှန်းသိလို့ တော်ရုံဆို အိမ်ကိုသာ မှာစားဖြစ်တာများသည်။ အခုတော့ ထိန်းထားတဲ့ကြားကနေ လွတ်ဖြစ်အောင်လွတ်သွားသေးသည်။ မတတ်နိုင်ဘူး... ဒီဆိုင်က အစားအသောက်တွေက နူးညံ့ပြီးအရသာရှိလွန်းတယ်။ သူ ဘယ်လိုမှမလွန်ဆန်နိုင်ဘူး...
" ဒါက ဘာလဲဟင် "
နေး အတွေးများနေစဉ်မှာပဲ မျက်စိရှေ့ကိုရောက်လာတဲ့ mini cake လေးကြောင့် မေးမိတော့ ဒုဉက္ကဌက ' မင်းအတွက် အချိုပွဲ... စားကြည့်လေ ' ဟုသာ ပြောလာသည်။ သူ ဇွန်းလေးနဲ့တစ်ဖဲ့ယူစားမိတော့ တကယ်ကို အရသာရှိလွန်းသည်။ သူငယ်ငယ်က ကိုခန့်... အင်း ကိုခန့်ခွံ့ကျွေးခဲ့တဲ့ ကိတ်အရသာအတိုင်းပဲ။
" ဘာဖြစ်လို့လဲ... အရသာမရှိဘူးလား "
ကိတ်ကိုမြည်းနေရင်းနဲ့ မျက်နှာညှိုးသွားတဲ့ နေးလက်ျာကြောင့် လျှန် မေးမိတော့ ခေါင်းအသာရမ်းပြပြီး ကိတ်ကိုနောက်တစ်ဇွန်းကို ထပ်စားပြန်သည်။
" အချိုနည်းနည်းပေါ့တယ် "
" အချိုများများစားရင် သွားပိုးစားလိမ့်မယ် ... ဟင်းး "
ကလေးဆိုတာ အချိုများများစားရင် သွားပိုးစားလိမ့်မယ်
ရုတ်တရက် ကြားယောင်လာပြန်တဲ့အသံကြောင့် နေး မျက်စိရှေ့က လူကို သေချာစိုက်ကြည့်မိတော့သည်။ နေးမျက်စိရှေ့မှာ ပြုံးရယ်နေတဲ့လူက ဒုဉက္ကဌမဟုတ်ပဲ တခြားအသွင်အပြင်တစ်ခု လွှမ်းမိုးသွားပေမယ့် ဒီအကြည့်၊ ဒီအသံကတော့ စိမ်းသက်မနေပဲ ရင်းနှီးနေခဲ့သလိုပင်။ နောက်ပြီး ဘယ်ဘက်ပါးပြင်ထက်က ပါးချိုင့်လေးတစ်ဖက်။
တစ်ချိန်တည်းမှာပဲ အပြုံးတို့ရပ်တန့်သွားပြီး လျှန့်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေတဲ့ နေးလက်ျာကို ပြန်လည်ငေးမောမိသွားတဲ့ အခိုက်အတန့်။ လျှန့်နှလုံးသားထဲကနေ တစ်စုံတစ်ခုကို ဆွဲထုတ်သွားသလို နာကျင်ခံစားမိသွားသည်။ ဒီခံစားချက်က ဘာပါလိမ့် ......
အခိုက်အတန့်မဟုတ်တဲ့ တွယ်တာခြင်းများ
မမှားချင်သူ... အချစ်နဲ့မကစားတတ်သူ
စိတ်အလိုကိုလေ မလိုက်ရဲဘူး
တစ်ဘဝလုံးချစ်မယ့်သူ
တစ်ယောက်ကိုပဲ ထာဝရကြင်နာချင်သူ
>>>>>>>>>>
ဆက်ရန်
Yellowish_One 💛
(၇-၅-၂၀၂၂)