ခိုင်မာနှောင်ကြိုး အပိုင်း ၄
အိမ်ရှေ့ရေကပြင်မှာ မျက်နှာသစ်နေတုန်း ခြံထဲသို့ ဇင် ဝင်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ပါသည်။ဇင့် လက်ထဲမှာလည်း ခြင်းတောင်း အကြီးကြီး နှစ်လုံးကို တဖက်တချပ်စီ ကိုင်လာပါသည်။မနိုင်မနင်း သယ်လာတာ မြင်တော့ သူ မနေနိုင်ပါ။လုပ်နေတာကို ရပ်ပြီး ဇင့် အနားသို့ ရောက်သွားပြီး လက်ထဲမှ ခြင်တောင်းတလုံးကို သူ့ကိုပေးရန် တောင်းဆိုလိုက်သည်။
"ဈေးကပြန်လာပြီလား။ကျွန်တော် ကူသယ်ပေးမယ်။ပေး...ခြင်းတောင်း။"
"ရတယ်။ရတယ်။ခင်ဗျားနိုင်မှာ မဟုတ်ဘူး။"
"ရပါတယ်။လေးနေမှာပေါ့။ကျွန်တော် ကူသယ်ပေးပါ့မယ်။"
"ရပါတယ်ဆိုဗျာ။"
"ပေးပါ။သယ်ပေးပါ့မယ်။"
ခြံဝမှာတော့ နှစ်ယောက်သား ခြင်းလုနေသည့်ပုံစံ ဖြစ်နေပါသည်။
"ကဲ...ဒါဆိုလည်း ယူဗျာ။ရော့...။"
ဇင် ပေးလိုက်သည့် ခြင်းတောင်း ဇင့်လက်ထဲမှ လွတ်သွားပြီး သူ့လက်ထဲရောက်သည်နှင့် လေးလံလွန်းသော ခြင်းတောင်းကြောင့် သူ့လက်ညွှတ်ကျကာ ခြင်းတောင်းလည်း မြေပြင်နှင့် မိတ်ဆက်သွားပါတော့သည်။ခြင်းတောင်းအတွင်းမှာ ပါလာသည့် ပစ္စည်းအချို့ဟာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားပါတော့သည်။
"ဟာ...ဆောရီးပါဗျာ။"
သူ၏ မဟာအမှားကြောင့် ဇင့် ကို အမြန်တောင်းပန်ရပါသည်။
"အဲဒါကြောင့် ကျွန်တော် ပြောပါတယ်။ခြင်းတောင်းက လေးတယ်။ခင်ဗျား မနိုင်ပါဘူးလို့ ပြောရက်နဲ့ဗျာ။"
ဇင် က ညည်းညည်းငြူငြူလေး ဆိုတော့ သူ့ဘက်က ပိုပြီး အားနာရပါသည်။ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကို အမြန်ဆုံးကောက်ပြီး ခြင်းထဲ ကောက်ထည့်ရပါသည်။ကံဆိုးချင်တော့ ထန်းလျက်ထုပ်၏ အောက်မှာ ပိသွားသည့်အထုပ်မှာ ကြက်ဥထုပ် ဖြစ်နေပါသည်။အောက်က လမ်းနှင့် ထန်းလျက်ထုပ်ကြားမှာ ပိကာ ကြက်ဥတွေ ကွဲသွားပါပြီ။ဇင့် ကို အားနာပြီးသာ အထပ်ထပ် တောင်းပန်နေမိပါသည်။
သူ ပစ္စည်းတွေ ကောက်ထည့်နေသည့် ခြင်းတောင်း ကို ယူပြီး ခြင်းတောင်းနှစ်ဖက် ဆွဲ၍ ဇင် သည် အိမ်ပေါ်သို့ တက်သွားလေသည်။ကြက်ဥထုပ်နှင့် ထန်းလျက်ထုပ် ကို လက်တဖက်စီဆွဲကိုင်ပြီး ဇင့် နောက်ကို လိုက်ခဲ့ရပါသည်။ဇင် သည် မီးဖိုချောင်ထဲသို့ တည့်တည့်မတ်မတ် ဝင်သွားပါသည်။
မီးဖိုချောင်ထဲ ရောက်သည်နှင့် ခြင်းတောင်းထဲမှ ပစ္စည်းတွေကို ထုတ်သည်။ဇကာထဲ ထည့်သင့်တာထည့်။ကော်ဇလုံထဲ ထည့်သင့်တာထည့်နှင့် တယောက်တည်း အလုပ်ရှုပ်နေသည်။သူကတော့ ထန်းညက်ထုပ်နှင့် ကြက်ဥထုပ်ကို ကြမ်းပြင်ပေါ်သို့ချကာ ဇင် နှင့် မလှမ်းမကမ်း နေရာမှာ ဆောင့်ကြောင့်လေး ထိုင်နေမိသည်။
"ကျွန်တော် ကြောင့် ကြက်ဥတွေ ကွဲသွားတဲ့အတွက် တောင်းပန်ပါတယ်။"
ကြက်ဥထုပ်ကို ဖြည်ပြီး ဘယ်နှစ်လုံး ကွဲသွားလဲဆိုတာကို ကြည့်နေသော ဇင် ကို ထပ်မံကာ တောင်းပန်စကားဆိုလိုက်သည်။ဇင် သည် သူ့ကို မျက်လုံးဝင့်ကြည့်သည်။စူးရှသော အကြည့်ကြောင့် အပြစ်ရှိသူပီပီ ခေါင်းငုံလိုက်ရပါသည်။
"နှစ်လုံးပဲ ကွဲတာပါ။ကိစ္စမရှိပါဘူး။ခင်ဗျားလည်း တမင် လုပ်တာမှ မဟုတ်ဘဲ။"
အပြစ်မဆိုသူကို ပြန်လည်ကာ မော့ကြည့်လိုက်သည်။ဒီတခါတော့ သူ့ကို ကြည့်မနေတော့ဘဲ လုပ်စရာရှိတာ ဆက်လုပ်နေလေသည်။
"ကျွန်တော် ဘာကူလုပ်ပေးရမလဲ။"
"ရတယ်။လုပ်ပေးစရာမလိုဘူး။နားနားနေနေ အခန်းထဲမှာပဲ သွားနေလေ။"
"အခန်းထဲမှာ နေရတာကြာတော့ ပျင်းလာလို့ပါ။"
"ခင်ဗျား ဘာလုပ်တတ်လို့လဲ။"
"ဘာလုပ်တတ်လဲတော့ သေချာမသိပါဘူး။သင်ပြပေးရင်တော့ ကျွန်တော် လုပ်တတ်မှာပါ။"
"ကောင်းပြီလေ။အရင်ဆုံး ခင်ဗျား မျက်နှာကို တဘတ်နဲ့ သွားသုတ်လိုက်ဦး။"
သူ့မျက်နှာကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ရေစက်တွေ ကျန်နေသေးတာပဲ။ထိုင်ရာမှထပြီး အခန်းထဲသို့ ဝင်ကာ တန်းပေါ်မှာလွှားထားသည့် တဘက်ကို လှမ်းယူပြီး မျက်နှာသုတ်ကာ အခန်းထဲမှ ပြန်ထွက်လာလိုက်သည်။
"မောနင်း...ကိုကြီးဧည့်သည်......နိုးပြီလား။"
"မောနင်း ဧပရယ်။ကိုကြီး နိုးနေပြီ။"
ဧပရယ် သည် အခန်းထဲမှ ထွက်လာတာကို မြင်ပြီး နှုတ်ဆက်လေသည်။အိပ်ချင်မူးတူးဖြင့် အိပ်ယာမှ လူးလဲထနေသော ငယ်လေး ကလည်း မောနင်း ဟု နှုတ်ဆက်လေသည်။အိပ်ယာကထပြီး ငယ်လေးတို့နှစ်ယောက် အိပ်ယာသိမ်းနေသောကြောင့် မနေနိုင်ဘဲ ကူသိမ်းပေးမိသည်။
"ဧပရယ်ရေ...."
"ဗျာ...ကိုကြီး။"
"မျက်နှာသစ်၊သွားတိုက်ပြီးရင် ဘုရားသောက်တော်ေရကပ်၊ ဘုရားညောင်ရေအိုးတွေလည်း ရေလဲဦးနော်။"
"ဟုတ်ကဲ့ ကိုကြီး။"
"ငယ်လေး ကိုလည်း မျက်နှာသေချာသစ်ပေးလိုက်နော် "
"ဟုတ်ကဲ့။"
ဧပရယ် သည် အကိုနှင့် အပြန်အလှန် စကားပြောရင်း အိပ်ယာသိမ်းလေသည်။
"ကိုကြီး ဘုရားပန်းကူလဲပေးမယ်လေ။"
"ရပါတယ် ကိုကြီးဧည့်သည်။ကိုကြီး က နေလည်း သိပ်ကောင်းသေးတာ မဟုတ်ဘဲနဲ့။နားနားနေနေ နေပါ။"
ဧပရယ် ကလည်း ကူမလုပ်ဖို့ တားမြစ်ပြီး ငယ်လေး၏ လက်ကို ဆွဲကာ မျက်နှာသစ်ရန် အိမ်အောက်သို့ ဆင်းသွားကြလေပြီ။သူလည်း ဇင် အနားသို့ ပြန်လာခဲ့ရပါသည်။
ပဲပြုတ်ထမင်းကြော်အနံ့လေးက မွှေးပျံ့လို့နေသည်။ကြက်ဥ ဟက်ဘွိုင်ကြော် ပန်းကန်လေးချပ်ထဲမှာ တလုံးစီ နေရာယူနေလေပြီ။ပန်းကန်လုံး တခုထဲမှာ ငပိကြော်ထည့်ထားတာကိုလည်း တွေ့ရသည်။ပဲပြုတ်ထမင်းကြော် ကျက်ပြီဆိုတာနှင့် ထိပ်ဘက်ကပ်ကာ ကြက်ဥထည့်ထားသည့် ပန်းကန်ထဲသို့ ပဲပြုတ်ထမင်းကြော် သင့်တင့်ရုံထည့်နေချိန်မှာပဲ သူသည် စားပွဲခုံခင်းဖို့အတွက် အိမ်ရှေ့ခန်းသို့ ထွက်ခဲ့လိုက်သည်။
စားပွဲခုံခင်းပြီးသည်နှင့် ထမင်းပန်းကန် ကူသယ်ပေးဖို့ နောက်ဖေးသို့ ပြန်ဝင်လာတော့ လမ်းခုလတ်မှာတင် ဇင် နှင့် ဆုံသည်။လက်ထဲမှာလည်း ထမင်းကြော်ပန်းကန်တွေကို တဖက်တချပ်စီ ကိုင်ထားသည်။
"ကျွန်တော် သယ်သွားပေးမယ်လေ။"
ဇင့် လက်ထဲမှ ပန်းကန်တွေကို တောင်းတော့ လျောလျောလျူလျူပဲ သူ့လက်ထဲသို့ ထည့်ပေးသည်။
ထမင်းကြော်ပန်းကန်တွေကို ထမင်းစားပွဲပေါ် တင်ပြီး ကျန်ခဲ့တဲ့ ထမင်းကြော်ပန်းကန်တွေကို နောက်တခေါက် သွားပြန်ယူပါသည်။
ဧပရယ် ဘုရားညောင်ရေအိုး လဲပြီးသည်နှင့် အိမ်ရှိလူအကုန် ထမင်းစားပွဲမှာ ထိုင်ကာ နံနက်စာ ထမင်းကြော် စားကြပါသည်။ပဲပြုတ်ထမင်းကြော်၊ ကြက်ဥကြော်အပြင် နွားနို့တခွက်ပါ ပါသည်။သူ ဒီအိမ်ကို ရောက်ပြီး ရက်ပိုင်း သိရသလောက်သည် ဇင် သည် ညီတွေကို အရမ်းချစ်သည်။ညီတွေ၏ လိုအင်ဆန္ဒတွေကို ဦးစားပေးတတ်သည်။ငါအကိုပဲ ငါရှာကျွေးနေတာ ထားသလိုနေ၊ ကျွေးတာနှင့်စား
ဆိုသော စိတ်ဓာတ် မရှိ။ညီလေးတွေ မနက်ဖြန် ဘာဟင်းစားချင်သလဲ ဆိုတာကို ညကတည်းက မေးထားတတ်သည်။တခါတလေလည်း ငယ်လေးတို့က သူတို့စားချင်တာ ပြောသည်။များသောအားဖြင့် ကိုကြီးသဘော ကြိုက်တာချက်ဟုသာ ပြောကြသည်။
ဇင် ကတော့ ညီတွေ ကြိုက်တတ်တာကော။ကောင်းတာလေးတွေ အမြဲ ချက်ကျွေးတတ်ပါသည်။နေ့စဉ်တိုင်း အသားနှင့်ငါး တခုမဟုတ် တခုပါသည်။အသီးအနှံ၊ဟင်းသီးဟင်းရွက်ကိုလည်း မျှတအောင် ကျွေးသည်။မုန့်ဆိုလျှင်လည်း ညီတွေ စားဖို့အတွက် ဗူးအပြည့်ထည့်ပေးထားသည်။ငွေကြေး ပြည့်စုံလွန်းသူ မဟုတ်ပေမယ့် ညီတွေ အတွက် တာဝန်ကျေလွန်းသူတယောက် ဖြစ်ပါသည်။အကိုကြီး အဖအရာဆိုသော စကားဟာ ဇင် ကို ကြည့်ပြီး မှန်ကန်ပါလား ဆိုတာ သိလာရလေသည်။
နံနက်စာ စားပြီးသည်နှင့် ဇင် က ပန်းကန်ဆေးဖို့ ပြင်နေလေသည်။
"ကျွန်တော် ဆေးပေးပါ့မယ်။လုပ်စရာရှိတာ သွားလုပ်ပါ။"
ဇင့် လက်ထဲမှ ပန်းကန် တချပ်ကို ပေးဖို့ လက်ကမ်းစဉ်
ဖြစ်ပါ့မလား ဆိုသော မျက်လုံးအကြည့်မျိုးနှင့် ဇင့်ဆီမှ ကြည့်ခြင်းကို ခံရလေသည်။
"စိတ်ချပါ။မကွဲစေရပါဘူး။ကျွန်တော် ဂရုစိုက်ပြီး ဆေးပေးပါ့မယ်။"
သိပ်ပြီး ယုံကြည်တာမျိုး မဟုတ်ပေမယ့် လိုလိုလားထည့်ပေးလိုက်ပါသည်။သူလည်း ဇင့် လက်ထဲမှ ပန်းကန်တွေကို လက်ကမ်းကာ ယူလိုက်ပြီး ရေကပြင်ကို သွားလိုက်ပါသည်။
ဇင် ပန်းကန်ဆေးနေတာကို ကြည့်ထားဖူးသည့်အတွက်ကြောင့် ဇင် လုပ်သလို အကုန်လိုက်လုပ်သည်။ထမင်းလုံးအစအနတွေကိုတော့ အမှိုက်ပုံးထဲသို့ ထည့်ရပါသည်။
ပန်းကန်ဆေးပြီးသည်နှင့် ဇင် ရှိရာ မီးဖိုခန်းသို့ ပြန်လာခဲ့ရသည်။ငယ်လေးတို့နှစ်ယောက်ကတော့ ကျောင်းသွားဖို့ရန် ပြင်ဆင်နေကြပြီး အိမ်ပေါ်တက်လာသည့် သူ့ကိုမြင်တော့ ရယ်ပြခြင်းကြောင့် သူလည်း ပြန်ရယ်ပြလိုက်ပါသည်။
"ပန်းကန် တချပ်မှ မကွဲအောင် ကျွန်တော် ဆေးခဲ့ပါတယ်။"
သူ့အသံကြောင့် ဇင် သည် သူ့ကို မော့ကြည့်သည်။လက်ကလည်း ငါးခြောက်ကို စင်းတီတုံးပေါ်တင်ကာ ဓားပြတ်ပြတ်နှင့် အနေတော်လေးတွေ ခုတ်ထစ်ရင်းနှင့်ဖြစ်သည်။
"ကျွန်တော် လက်မအားလို့။ခင်ဗျားပဲ ပန်းကန်တွေကို မှောက်လိုက်ပါ။"
ဇင် ၏ စကားအတိုင်းပဲ။ပန်းကန်စင်ပေါ်မှာ ပန်းကန်တွေကို အစီအရီ မှောက်လိုက်ပါသည်။
ပြီးတာနှင့် ဇင်နှင့် မလှမ်းမကမ်း နေရာမှာ ဆောင့်ကြောင့်လေးထိုင်ပြီး ဇင် ဒီနေ့ ဘာချက်မလဲဆိုတာကို စပ်စုကြည့်မိသည်။
"ဒီနေ့ ဘာချက်မလို့လဲ။"
"ငါးခြောက်နဲ့အာလူး ချက်မယ်။ဂေါ်ဖီကြော်နဲ့ ဘူးသီးဟင်းခါး ချက်မယ်။"
"ကျွန်တော် ဘာကူလုပ်ပေးရမလဲ။"
"ရပါတယ်။ကျွန်တော် လုပ်နေကျပါ။ပန်းကန် ဆေးပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်။ခင်ဗျား နားနားနေနေ သွားနေပါ။"
"ဒီအိမ်မှာ ထမင်းစားနေပြီး ဒီအတိုင်းကြီး မနေချင်လို့ပါ။ကျွန်တော် လုပ်နိုင်တာလေးကို လုပ်ပေးပါရစေ။"
"ကျွန်တော်တို့ကို အားနာနေတာလား။အားမနာပါနဲ့။ကျွန်တော်တို့က ဆင်းရဲပေမယ့် လူတယောက်ကိုတော့ ထမင်းကျွေးထားနိုင်ပါတယ်။ကျွန်တော်တို့ စားသလိုတော့ ခင်ဗျား စားရမှာပေါ့။"
"ကျေးဇူးတင်ပါတယ်။"
"ကျွန်တော်တို့ကို ကျေးဇူးတင်ရင် ခင်ဗျား ဘယ်သူလဲ။ဘယ်မှာနေလဲ ဆိုတာကို သေချာစဉ်းစားပါ။ဒါမှ ကျွန်တော် လည်း ခင်ဗျားကို အိမ်ပြန်ပို့ပေးလို့ရမှာ။ခင်ဗျားမှာလည်း မိဘ၊ဆွေမျိုးအသိုင်းအဝိုင်း ရှိမှာပေါ့။ခင်ဗျား ပျောက်နေတော့ အိမ်ကလည်း စိတ်ပူနေမှာပေါ့။ကျွန်တော့်သဘောကတော့ ခင်ဗျားရဲ့ အတိတ်အကြောင်းကို ခေါင်းအေးအေးထားပြီး သေချာစဉ်းစားစေချင်တယ်။ဆရာဝန်ကတော့ ခင်ဗျားကို အထူးကုနဲ့ပြကြည့်စေချင်တယ်လို့ ပြောတယ်။ခင်ဗျားကို အထူးကုနဲ့ ပြပေးဖို့ကလည်း ကျွန်တော့်မှာ ငွေကြေး မပြည့်စုံလို့ မပြပေးနိုင်ဘူး။"
"ဟို.....မလိုပါဘူး။ကျွန်ေတာ့်ကို ထမင်းကျွေးပြီး နေစရာပေးထားတာနဲ့တင် ကျေးဇူးတင်လှပါပြီ။"
ဇင် သည် သူ့ကို စကားဆက်မပြောတော့ဘဲ လုပ်စရာရှိတာ ဆက်လုပ်နေပါသည်။
"ဘူးသီး လှီးပေးမယ်နော်။"
"ခင်ဗျား လှီးတတ်လို့လား။မတော် လက်ဓားထိနေပါ့မယ်။"
"သတိထားလုပ်ပါ့မယ်။ဘယ်လိုလုပ်ရမလဲ ပြောပြပေးလေ။"
"ဟိုမှာ ကော်စဉ်းတီတုံး ယူလိုက်။ဓားပါးလေး ယူလိုက်။ပြီးရင် ဘူးသီးစိပ် ယူလိုက်။"
ဇင် ပြောတာကို မှတ်ပြီး တခုချင်းစီယူသည်။
"အခွံကို နွာပြီး ဘူးသီးကို အနေတော် အတုံးလေးတွေတုံး။"
ဇင် ပြောသည့်အတိုင်း လိုက်လုပ်ကြည့်သည်။အဆင်ပြေပြေ ဖြစ်သွားသည်။ဘူးသီးအခွံခွာတာ အသားတွေတော့ နည်းနည်း ပါသွားပါသည်။
ဇင် ကလည်း အလုပ်တွေ တခုပြီးတခု လုပ်ရင်းဖြင့် သူ့ကို စောင်းငဲ့ကာ လှမ်းလှမ်းကြည့်ပါသည်။
"အင်း....ခင်ဗျား လုပ်တတ်သားပဲ။ကြည့်ရတာ ခင်ဗျား ထမင်း၊ဟင်း ချက်ဖူးခဲ့တယ် ထင်တယ်။"
"ဟုတ်မယ်ထင်တယ်။နည်းနည်းပါးပါး ချက်တတ်မယ် ထင်တယ်။ထပ်ပြီးလုပ်ကြည့်မယ်လေ။သေချာကြည့်မယ်လေ။သေချာအောင်။အာလူးလှီးကြည့်မယ်နော်။"
"အင်း...အင်း...နွှာပြီး လှီးကြည့်။"
သူ့ကို ပြောပြီးသည်နှင့် ဇင် သည် အိမ်ရှေ့သို့ ထွက်သွားပါပြီ။ညီနှစ်ယောက် ကျောင်းသွားရန် ပြင်ဆင်ပေးဖို့ ဖြစ်သည်။
အာလူးကို အခွံနွှာကြည့်သည်။အသားအနည်းငယ် ပါသွားပေမယ့် အဆင်ပြေသည်။လှီးရမည်ဆိုတော့ ဘယ်လိုပုံစံ အနေအထား လှီးရမည်ဆိုတာ မသိသောကြောင့် ဇင် ပြန်အလာကို စောင့်နေရင်း မီးဖိုချောင်အတွင်း ဟိုတစဒီတစ ဈေးမှဝယ်လာသော ပစ္စည်းတွေကို ကြည့်လိုက်ပါသည်။ဒီနေ့ ဇင် ဝယ်လာသော ပစ္စည်းတွေ များလှပါသည်။
ခဏနေတော့ ဇင် သူ့အနားပြန်ရောက်လာသည်။တည်ထားသော ဟင်းအိုးကို အဖုံးဖွင့်ကာ မွှေသည်။တဖက်မီးဖိုမှာလည်း ကောက်ညှင်းပေါင်းထားပါသေးသည်။
"အာလူးကို ဘယ်လို အတုံးလေးတွေ လှီးရမလဲဟင်။"
"ရတယ်။ အဆင်ပြေသလိုလှီး။အတုံး အရမ်းမကြီးစေနဲ့။အတုံးကြီးရင် ချက်ရတာ ကြာတယ်။"
သူ နမူနာ တုံးကြည့်ပါသည်။တုံးပြီးသည်နှင့် ဇင့် ကို ပြကြည့်တော့ အနေတော်ပဲ ဟု ပြောသောေနကြောင့် ထိုအတုံးလေးအတိုင်းဆက်တုံးပါသည်။
"ဒီနေ့ ဈေးဝယ်လာတာများတယ်နော်။"
"အင်း...ဟုတ်တယ်။ဒီနေ့ မုန့်အော်ဒါ ရှိလို့လေ။"
"ဟုတ်လား။ဘယ်နှစ်ပွဲစာ အော်ဒါရတာလဲ။"
"ပွဲ ၃၀၀ စာ။"
"ဟုတ်လား။အများကြီးပဲ။တယောက်တည်း မနိုင်ရင် ကျွန်တော် ကူလုပ်ပေးမယ်လေ။"
"လုပ်နိုင်ပါတယ်။ပွဲ ၅၀၀ ထိတောင် ကျွန်တော် လက်ခံခဲ့ဖူးတယ်။"
"ဪ"
"ကိုကြီး"
"ဟေ"
ငယ်လေး မီးဖိုချောင်ထဲသို့ ရောက်လာသည်နှင့် သူတို့နှစ်ယောက် စကားစ ပြတ်သွားပါသည်။
"ကိုကြီး ဦးငယ်လေး အုန်းနို့ရည် လာပို့တယ်။"
"ဪ.....အေး.....အေး....ကိုကြီး လာပြီ။"
ဇင် သူ့အနားမှ ထွက်သွားပါသည်။
*****
ဇင် ပြောသလို သူ၏ အတိတ်မှ အလုပ်အကိုင်သည် အဝတ်အစားချုပ်သူများ ဖြစ်နေမလား မသိပါ။အပ်ချုပ်စက်နှင့် သူ့လက် ထိလိုက်သည့် ထွက်ပေါ်လာသော ချုပ်ရိုးကြောင်းတွေဟာ ညီညီညာညာ ရှိလှပါသည်။တကြောင်းချုပ်ပြီးသည်နှင့် နောက်တကြောင်း ချုပ်ချင်စိတ်က အလိုလို ဖြစ်လာသည်။ဇင် ပေးသော ပုဆိုးအပိုင်းစ တခုလုံးသည်လည်း ချုပ်ရိုးကြောင်းတွေနှင့် ပြည့်နှက်လို့သွားလေသည်။
"ကိုကြီးဧည့်သည် က အဝတ်ချုပ်တတ်တယ်။သားတို့ကို အင်္ကျီချုပ်ပေးနော်။"
"ဟုတ်တယ်။သားကိုလည်း ပါဝါရိမ်းဂျား အင်္ကျီချုပ်ပေး။"
သူ အပ်ချုပ်စက်ပေါ် တက်လိုက်သည်နှင့် အနားမှာ လာရောက်စူးစမ်းနေသော ငယ်လေးတို့ ညီအကိုမှ ပြောသောစကား ဖြစ်သည်။ဇင် ကတော့ တံမြက်စည်း လှည်းနေရင်းမှ သူလုပ်တာကို လှမ်းလှမ်းကြည့်နေတာပါ။
ဟိုတလောက သူ အပ်ချုပ်စက်ကို ကြည့်ရင်း တခုခုကို သတိရလာသည်ဟု ပြောလိုက်သော စကားကြောင့် ဇင် သည် နောက်ရက်မှာ အပ်ချုပ်စက်ကို ပြင်ဆိုင် ပို့ပေးသည်။လိုအပ်တာလည်း ဝယ်ပရှာသည်။ဇင့်အမေ၏ ပစ္စည်း ဆိုပေမယ့်လည်း ဒီအတိုင်း ထားလျှင် ပိုမိုပျက်စီးသွားမှာ စိုးရိမ်သည့်အတွက် နောက်တရက်မှာ ပြင်ဆိုင်ကို ပို့၍ ပြင်ပေးခြင်း ဖြစ်သည်။သူ အပ်ချုပ်စက်ကို ချုပ်ကြည့်လို့ အတိတ်ကို သတိရလာလျှင်လည်း အမြတ်ရပြီး ဇင့်အမေ၏ အပ်ချုပ်စက်ကိုလည်း ရေရှည်ခံအောင် ထိန်းသိမ်းရာ ရောက်သည် ဆိုသော အကြံဉာဏ်နှင့် ပြန်ပြင်ခြင်းလည်း ဖြစ်သည်။
ပညာတခုဆိုတာ သင်ထားပြီးရင် ဘယ်တော့မှ မမေ့ဘူးဟု ဇင် ပြောသည့်စကား မှန်ကန်နေပုံရသည်။တခုတော့ ရှိသည်။စက်ပဲ နင်းတတ်သလား။အဝတ်အစား ချုပ်တတ်တဲ့အဆင့်ထိ ရှိခဲ့လား ဆိုတာကတော့ စမ်းသပ်ကြည့်မှ သိပေလိမ့်မည်။
"အရင်ဆုံး ကိုကြီး အဝတ်ညှပ်ကြည့်ဦးမယ်လေ။အဝတ်ညှပ်တတ်ရင် ကိုကြီး ချုပ်လို့ရပြီ။စမ်းကြည့်ဦးမယ်နော်။"
"ဟုတ်ကဲ့။သားတို့ကို အရင်ချုပ်ပေးနော် ကိုကြီးဧည့်သည်။"
"အေးပါကွ။"
အဝတ်ညှပ်ဖို့သာ ပြောသည်။သူ့မှာ ထက်မြက်တဲ့ ကတ်ကြေးမှ မရှိတာ စမ်းပြီး ဘယ်လိုညှပ်ကြည့်မှ ရမှာလဲ။သူ ဇင့် ကို လှမ်းကြည့်လိုက်သည်။ဇင် ကလည်း သူ့ကို လှမ်းကြည့်သည့် အကြည့်နှင့် ဆုံလေသည်။ဇင် က သူ့အကြည့်တွေမှ တခုခုကို သဘောပေါက်သွားဟန် ရှိလေသည်။
"ခင်ဗျား ဘာလိုလို့လဲ။"
"ဟို အဝတ်ညှပ်ကတ်ကြေးလိုလို့ပါ။"
"အဝတ်ညှပ်ကတ်ကြေးက ဘယ်ဈေးလောက်ရှိလဲ။"
"အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး။"
"ဟာ....နေဦး။အခုမှ သတိရတယ်။ကိုသား ညီမက အရင်က အဝတ်ချုပ်တာပဲ။အခု မသီတာက ကုမ္ပဏီဝန်ထမ်း ဖြစ်သွားလို့ အဝတ်မချုပ်တော့တာ။မသီတာ မှာ ကတ်ကြေးအဟောင်း ရှိနိုင်တယ်။မေးကြည့်ဦးမယ်။အဟောင်းဈေးနဲ့ ပြန်ရောင်းလည်း ခင်ဗျားအတွက် ဝယ်ပေးပါ့မယ်။ကျွန်တော် ကိုသား အိမ် ခဏသွားလိုက်ဦးမယ်။"
"အခုလား။"
"အင်းလေ။အခုမှ ၇နာရီခွဲပဲ ရှိသေးတာကိုး။ဧပရယ်နဲ့ငယ်လေး ခဏနေရင် စာကြည့်တော့နော်။ကိုသားတို့အိမ် ခဏ သွားဦးမယ်။ခဏနေ ပြန်လာခဲ့မယ်နော်။"
"ဟုတ်ကဲ ကိုကြီး။"
ဇင် သည် ပုဆိုးလေး မကာ,မကာ နှင့် ထွက်သွားလေသည်။ဇင် ထွက်သွားသည်နှင့် ငယ်လေးတို့ ညီအကို နှစ်ယောက်လည်း စာကြည့်စားပွဲလေး ခင်းပြီး စာကျက်ကြသည်။သူလည်း ငယ်လေးတို့ နားသို့ သွားလိုက်သည်။စာကျက်နေသည့် အသံကို ကြားပြီး
"ကိုကြီး စာကူသင်ပေးရမလား။"
"ကိုကြီးဧည့်သည် က သားတို့ စာတွေ ဖတ်တတ်လားဟင်။"
"ငယ်လေးတို့ ဖတ်နေတာတွေ ကြားပြီး ကိုကြီး နားလည်တယ်။စာကြည့်တော့လည်း ဖတ်တတ်တယ်။"
"ဟုတ်လား။ဒါဆို ကိုကြီး စာဖတ်တတ်တာပေါ့နော်။"
"အင်း...ကိုကြီး စာဖတ်တတ်တယ်။"
"ဒါဆို သားစာပြန်မယ်လေ။ကိုကြီး ကြည့်ပေးမလား။"
"အင်း....ကြည့်ပေးမယ်လေ။ဘာကိုကြည့်ပေးရမလဲ။"
"ဒီစာပိုဒ် ကိုကြီး။"
ဧပရယ် စာပြန်သည်ကို သူကြည့်ပေးရသည်။အနည်းငယ် အထစ်အငေါ့ ဖြစ်နေသောကြောင့် ထောက်ပေးရသည်။ဧပရယ် ပြီးသွားတော့ ငယ်လေး က စာပြန်ပါသည်။
"ကိုကြီးဧည့်သည် အင်္ဂလိပ်စာကော ဖတ်တတ်လား။"
"ပြလေ။ကိုကြီး ကြည့်ကြည့်မယ်လေ။"
ဧပရယ် ပြသည့် အင်္ဂလိပ်စာကို တလုံးချင်း ဖတ်ကြည့်သည်။ဖတ်ရင်းနှင့် အစဉ်ချော လာသည့်အတွက် သူ အင်္ဂလိပ်စာ လည်း ဖတ်တတ်သည် ဆိုတာကို သူ ကိုယ်တိုင်လည်း လက်ခံလာပါသည်။
"ခင်ဗျား .....ဘာလုပ်နေတာလဲ။"
စာဖတ်တာကို အာရုံစိုက်နေသည့်အတွက် ဇင် အနားသို့ ရောက်လာသည်ကို သူ မသိလိုက်ပေ။ဇင့် အသံကြားမှ ခန္ဓာကိုယ်လေး တုန်တက်သွားပြီး အသံလာရာ မော့ကြည့်လိုက်သည်။
"ဟို....ကျွန်တော် ငယ်လေးတို့ကို စာကြည့်ပေးနေတာပါ။"
"ဒါဆို ခင်ဗျားက စာတတ်တယ်ပေါ့။"
"ဖတ်ကြည့်တော့ ဖတ်တတ်တယ်။"
"ဟုတ်လား။ဒီမှာ ကတ်ကြေး ရလာတယ်။ခင်ဗျား သွားညှပ်ကြည့်။"
ဇင် သည် ယူလာသော ကတ်ကြေး ကို သူ့ထံသို့ ကမ်းပေးသည်။ဇင့် လက်ထဲမှ ကတ်ကြေးကို လှမ်းယူလိုက်ပြီး လက်တဖက်မှာ ကိုင်ထားသော စာအုပ်ကို ချကာ ထိုင်ရာမှ ထလိုက်ပါသည်။
"ဟို....ဘယ် ပိတ်စကို ညှပ်ကြည့်ရမလဲဟင်။"
"နေဦး....ပုဆိုးအဟောင်းစ ထပ်ပြီး ရှာကြည့်လိုက်ဦးမယ်။"
ဇင် ယူလာပေးသော ပုဆိုးအဟောင်းစ ကို ဘောင်းဘီညှပ်ကြည့်ဖို့ စိတ်ကူးသောကြောင့် ငယ်လေး ဘောင်းဘီအဟောင်းလေး ယူကာ နမူနာထားကာ ညှပ်ပါသည်။ဘောင်းဘီပုံ ထွက်လာပြီးတဲ့အခါမှာတော့ အပ်ချုပ်စက်ဆီ သွားကာ ချုပ်ကြည့်ပါသည်။အဆင်ချောချော ချုပ်ရိုးကြောင်းနှင့် ဘောင်းဘီပုံစံတထည်ထွက်ပါသည်။
"ခင်ဗျား အတော်ချုပ်တတ်သားပဲ။ဘောင်းဘီတောင် ဖြစ်သွားပြီ။"
"သားရေကြိုးတပ်ဖို့တော့ လိုသေးတယ်။"
"သားရေကြိုးက ဘယ်လို ပုံစံယူမှာလဲ ပြောလေ။မနက်ဖြန် ဝယ်လာခဲ့ပေးမယ်။"
"ဘောင်းဘီမှာ တပ်မယ့် သားရေကြိုး လို့ ပြောရင် ရမှာပါ။"
"အင်း....ပြီးရောလေ။မနက်ဖြန် ဈေးသွားရင် ဝယ်ခဲ့ပေးမယ်။ဒါနဲ့ ခင်ဗျားကို ပြောပါဦးမယ်။"
"ဗျာ။"
စောနက လေသံနှင့် မဟုတ်ဘဲ အနည်းငယ် မာကျောတဲ့လေသံ ဖြစ်သွားပါသည်။မျက်နှာကြောလည်း တင်းသွားတာကြောင့် သူအတော်လေး လန့်ဖြန့်သွားရပါသည်။
"ခင်ဗျားက စာလည်းဖတ်တတ်တယ်။အဝတ်အစားလည်း ချုပ်တတ်ပြီးတော့ ခင်ဗျား ဘယ်မှာနေလဲ ဆိုတာကိုတော့ မသိတာကတော့ နည်းနည်းတောင် ထူးဆန်းလာသလိုပဲ။ခင်ဗျား အတိတ်မေ့နေတယ် ဆိုတာ တကယ်ကော ဟုတ်ရဲ့လား။ခင်ဗျား လိမ်နေတာလား။"
ဇင်ယော်တောင် မျက်ခုံးလေးကို တွန့်လိမ့်ပြီး မာမာထန်ထန်လေသံနှင့် ပြောသည်။ရုတ်တရက်ကြီး ဇင် ဘာ့ကြောင့် ဒေါသထွက်သွားသလဲ။သူ နားမလည်ပါ။
လိမ်နေလားတဲ့။ပြောရက်လိုက်တာလို့တော့ မစွပ်စွဲရက်ပါ။
"ကျွန်တော် မလိမ်ရပါဘူး။တကယ် ဘာမှ စဉ်းစားလို့ မရတာပါ။"
"ခင်ဗျားက စဉ်းစားဖို့လည်း မကြိုးစားဘူး မဟုတ်လား။"
ဇင် လေသံဟာ ဒေါသပိုလို့နေ ပါပြီ။
"စဉ်းစားကြည့်ပါတယ်။တကယ် မသိတာပါ။"
"အခု အဝတ်အစား ချုပ်ရင်း ခင်ဗျားရဲ့ အတိတ်ကို သတိမရဘူးလား။နည်းနည်းလေးတောင် သတိမရဘူးလား။"
"သတိမရလို့ပါ။ကျွန်တော်....ကျွန်တော်....."
သူ့အသံဟာ တဖြေးဖြေး တိမ်ဝင်သွားသည်။စောနက အိမ်က ထွက်သွားတာ အကောင်းကြီး အခု အိမ်ပြန်လာမှ သူ့အပေါ် ဒေါသ ထွက်နေတာက ဘာ့ကြောင့်လဲ။
"ခင်ဗျား က မလွန်လွန်းဘူးလား။အချိန်တွေ အများကြီးလည်း ပေးပြီးပြီ။နည်းနည်းလေး တစွန်းတစလေးတောင် သတိရသင့်ပြီ။အနည်းဆုံးတော့ ခင်ဗျားနာမည်လေးတော့ သိသင့်ပြီ မဟုတ်ဘူးလား။"
ဇင် ဘာ့ကြောင့် သူ့အပေါ် ဒေါသထွက်နေတာလည်း ဆိုတာ ပိုပြီး နားမလည်လာတော့ဘူး။
"ကိုကြီး....ကိုကြီးဧည့်သည် ကို မဆူပါနဲ့။"
စာဖတ်နေရင်းမှ ငယ်လေးတို့နှစ်ယောက် ထလာပြီး သူ့ကို မဆူဖို့ ဇင့် ကို ကူပြောပေးပါသည်။ကလေးနှစ်ယောက်စလုံးလည်း သူ့လိုပဲ မျက်နှာလေးတွေ ငယ်လို့နေပါသည်။ဒါကို ဇင် သည် သတိထားမိပုံ ရသွားပြီး စကားသံတိတ်သွားသည်။သူ့ကို ကြည့်နေသော ဒေါသမျက်ဝန်းသည်လည်း အနည်းငယ် ညှိုးကျလာပါသည်။ဇင် သည် ညီနှစ်ယောက် မျက်နှာညိုမှာကို မလိုလားသောသူပင်ဖြစ်သည်။
"ဆောရီး။ကိုကြီး ဆူတာမဟုတ်ပါဘူး။သွား....စာသွားကျက်ကြတော့နော်။"
ညီနှစ်ယောက်၏ ခေါင်းလေးကို အသာအယာပွတ်သပ်ပေးပြီး စာကျက်ဖို့ပြောလေသည်။
ဇင်၏မျက်နှာဟာလည်း နူးညံ့မှုကို ပြောင်းလဲလို့သွားပါပြီ။
ညီနှစ်ယောက်ကို စာကျက်ဖို့ ချော့မော့ပြောပြီးသည်နှင့် ဇင့်မျက်နှာဟာ သူ့ဘက်သို့ လှည့်၍လာပါသည်။မျက်လုံးစူးစူးတွေကို ရင်မဆိုင်ရဲစွာ ခေါင်းငုံလိုက်ပါသည်။
"ဆောရီးပဲ။ခင်ဗျားကို အော်မိတာ။"
"ရ...ရ..ရပါတယ်။"
"မသီတာ က ပြောလိုက်တယ်။ခင်ဗျား အဝတ်အစား ချုပ်နည်းကို သေချာပြန်လေ့လာချင်တယ်ဆိုရင် သူ့ဆီမှာ စာအုပ်တွေ ရှိတယ်တဲ့။ရှာပေးထားမယ်တဲ့။နောက်နေ့ ကျွန်တော် သွားယူပေးမယ်။"
"ဟုတ်...ဟုတ်ကဲ့။ကျေး...ကျေးဇူးတင်ပါတယ်။"
ဇင် သူ့မျက်နှာကို လေ့လာနေမှန်း သူသိပါသည်။သူ့ရှေ့မှာ ရပ်ရင်း စကားပြောနေပြီး ခြေတလှမ်းတောင် မရွေ့သေးဘဲ သူ့ကို စိုက်ကြည့်နေသည်ဆိုတာကို မျက်လုံးလှန်မကြည့်ပေမယ့် သူသိသည်။
အိမ်မှာနေရင်းဆိုလျှင် ဇင် သည် ပုဆိုးကို ခြေသလုံးဖုံးထိ ဝတ်ဆင်တတ်သည်။လမ်းလျှောက်လျှင်သာ တခါတလေ ပုဆိုးက်ို မပြီး လျှောက်တတ်ပါသည်။သူ ခေါင်းငုံနေသည့်အတွက် မျက်လုံးနှင့် အနီးစပ်ဆုံး မြင်ကွင်းမှာ ရှိနေသည့် ဇင့်၏ အညိုရောင် ခြေဖမိုးလေးတွေကို စိုက်ကြည့်နေမိသည်။
သူ ပထမဦးဆုံး တွေးမိလိုက်သည့် အတွေးက ဇင့် အသားအရေ နူးညံ့ချောမွေ့တဲ့ အဆင့်ရောက်အောင် နေပူစပ်ခါး လုပ်မစားစေချင်ပါ။ဘဝကို ချောမွေ့စေချင်လိုက်တာဟု တွေးမိလိုက်ပါသည်။
********
ဇင် သူ့ကို ဒေါသနဲ့စကားပြောပြီး နောက်ပိုင်းရက်တွေမှာ ဇင်နှင့်သူ အနေပြန်စိမ်းသွားသည်။နှစ်ယောက်သားစကားတွေလည်း ဟက်ဟက်ပက်ပက် မပြောဖြစ်တော့ပေ။နဂိုကတည်းက အိမ်ရှင်ဖြစ်သူ ဇင့် ကို သူ ရှိန်နေတာပါ။အခုလိုကျတော့ ကြောက်ရွံ့စိတ်ဖြစ်တဲ့ အဆင့်ထိပါ ရောက်လာခဲ့ရပြီ။ဘာလုပ်လုပ်၊ဘာကိုက်ကိုင် ဇင့် မျက်နှာကို ပိုပြီး ကြည့်လာရသည်။ဇင် သည် သူ့အတွက် အားကိုးရသည့်သူ ဖြစ်သလို ကြောက်ရွံ့ရသည့်သူလည်း ဖြစ်ပါသည်။
နောက်ဆုံး ထမင်းစားပွဲမှာ မျက်နှာချင်းဆိုင် အတူထမင်းစားဖို့တောင် ကြောက်ရွံ့လာသည်။ညီအကိုသုံးယောက် သူ့ပန်းကန်ထဲ ဦးဖယ်ကာထည့်ပေးသည့် ဟင်းတွေကလွဲရင် ကျန်တဲ့ဟင်းလည်း ထပ်မယူရဲသလို့ ထမင်းမဝသေးရင်တောင် ထမင်းထပ်မယူရဲလို့ ပန်းကန်ထဲ အရှိကိုပဲ ကုန်အောင် စားပြီးတာနှင့် ဗိုက်မဝလည်း တော်လိုက်သည်။
ထမင်းစားပြီးသည်နှင့် အားလုံး စားပြီးသားပန်းကန်တွေကို သူပဲ ယူဆေးမည် လုပ်တော့ ဇင် က "နေပါစေ။ရတယ်။ကျွန်တော့်ဖာသာ ဆေးမယ်။"
ဟု ပြောသောကြောင့် သူစားပြီးသား ပန်းကန်တချပ်သာ ဆေးရသည်။
ဇင် ပန်းကန်ဆေးနေတုန်း သူက စားပွဲရှင်းပေးသည်။အိမ်ပေါ်ကို တံမြက်စည်း လှည်းပေးထားသည်။ထိုစားပွဲက ငယ်လေးတို့ညီအကို စာကြည့်ဖို့လည်း ဖြစ်သည်။
ထမင်းစားပြီးတော့ ငယ်ေလးတို့နှစ်ယောက်ကို စာကူကြည့်ပေးသည်။ဇင် ကတော့ သူ လုပ်စရာ လုပ်နေပါသည်။သူ့ကိုလည်း မကြည့်ပါ။သူတို့ စာကြည့်နေသော စားပွဲနားသို့ မလာပါ။သူလည်း စာကူကြည့်ပေးပြီးသည်နှင့် မျက်နှာသစ်၊သွားတိုက်ကာ အိပ်စက်ရန် အခန်းထဲသို့ ဝင်လာလိုက်ပါသည်။အခန်းထဲ မဝင်ခင် ဇင့် ကို လှမ်းကြည့်တော့ အိပ်ရာခင်းနေတာကို တွေ့ရသည်။
အခန်းထဲရောက်တော့ သူလည်း အိပ်ရာခင်းကာ ခြင်ထောင်ထောင်ပြီး မီးမှိတ်လိုက်သည်။ ခြင်ထောင်ထဲသို့ ဝင်ကာ အိပ်စက်ရန် ကြိုးစားလိုက်သည်။အိပ်ရှေ့ခန်းဘုရားစင်မှ ပူဇော်ထားသော မီးရောင်ဟာ သူ့အခန်းတွင်းသို့ အနည်းငယ်ဖြာကျနေသည်။အိမ်ရှေ့ခန်းမှာ မီးမှိတ် အသံတိတ်သွားသောကြောင့် အားလုံး အိပ်ကြပြီ ထင်ပါသည်။
အိပ်ရာတွင်းမှာ လူးလူးလိမ့်လိမ့်ဖြင့် တော်တော်နှင့် သူအိပ်မပျော်ပေ။ဇင် စဉ်းစားခိုင်းသည့် သူဘယ်သူလဲ။ဘယ်ကနေလာသလဲ ဆိုတာကို သူအထပ်ထပ် စဉ်းစားသည်။အစအနတောင် ဖော်လို့မရသေးပေ။
သူစက်ချုပ်တတ်သည်။သူစာဖတ်သည်။အခြားသူဘာလုပ်တတ်သေးသလဲ။သူ့နာမည် ဘယ်လိုခေါ်သလဲ။မိဘေတွက ဘယ်သူလဲ။သူ့အိမ် ဘယ်မှာလဲ။သူစဉ်းစားရင် ခေါင်းထဲမှာ ရှုပ်ထွေးလာသည်။
သူ၏အတိတ်ကို အမြန်စဉ်းစားပြီး သတိရမှ ဖြစ်ပေသည်။အခုဆိုလျှင် ဇင် သည် သူ့ကို မကြည်ဖြူတော့ပါ။ဒေါသတကြီးနှင့် စကားတွေပြောလာသည်။
ဒါဟာလည်း ဇင့်ဘက်မှ ကြည့်လျှင် မှန်သည်လေ။နေ့တိုင်းဈေးရောင်းကာ စားဝတ်နေရေး ဖြေရှင်းနေရသည့် ဇင့်အတွက်တော့ သူ့ကို ထမင်းကျွေးထားရတာ ဝန်ထုပ်ဝန်ပိုး တခုဖြစ်မှာပေါ့။ထမင်းကျွေးထားရတာနှင့်လည်းမပြီး ဆေးလည်းကုပေးရသေးသည်။ဇင့်၏ ချွေးနည်းစာလေးနဲ့ ရှာထားတဲ့အထဲမှ သူ့အတွက် အပိုကုန်နေရပါသည်။ဒါကို သူ နားလည်ရမည်။အားနာရပါမည်။
သူ့ဘဝကို စဉ်းစားလို့ မရတဲ့အချိန်ထိ ဇင် သည် သူ့ကို ကျွေးမွေးထားရမှာဖြစ်သည်။
ဘယ်အချိန်ရောက်မှ သူ့ခေါင်းထဲမှာ သူ၏အတိတ်ကို ပေါ်လာမလဲပင် မသိပေ။အဲ့ဒီ့အချိန်ထိ သူ့ကို ကျွေးမွေးထားရလျှင် ဇင့်အတွက် ဝန်ထုပ်ဝန်ပိုး ပိလွန်းနေပြီ။ဒီပုံစံနှင့် ရှေ့ဆက်လို့ မရမှန်း တဖြေးဖြေးနဲ့ သူသိလာပါပြီ။သူ တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်မှ ရတော့မည်။
"ဘုတ်...ဘုတ်..."
သုံးထပ်သားပြားနံရံကို လက်နှင့် ပုတ်သည့်အသံကို ကြားလိုက်ရပါသည်။
"အိပ်ပြီလား။ကျွန်တော် ဝင်လာလို့ ရမလား။"
"ရပါတယ်။ကျွန်တော် မအိပ်သေးပါဘူး။"
ခြင်ထောင် အပြင်သို့ထွက်ရင်း လှမ်းပြောလိုက်သည်။မတ်တပ်ရပ်ကာ မီးခလုတ် ထဖွင့်လိုက်တော့ အခန်းထဲမှာ လင်းသွားသည်။အခန်းထဲသို့ ဝင်လာသော ဇင့် ကို ခပ်ထင်းထင်း မြင်လိုက်ရသည်။မီးခလုတ်ထဖွင့်ရင်း မတ်တပ်ရပ်လက်စ ဖြစ်နေသောကြောင့်မထိုင်တော့ဘဲ ဇင့် မျက်ဝန်းကို ရင်မဆိုင်ရဲတာနှင့်ပဲ မျက်လွှာချ ခေါင်းငုံထားမိပြန်သည်။
"ဟိုရက်က ကလေးတွေ ရှေ့မှာ ဒေါသနဲ့ အော်လိုက်မိတဲ့အတွက် ခင်ဗျားကို ထပ်ပြီးတောင်းပန်ပါတယ်။"
သူ ဘာစကားမှ မပြောဖြစ်ဘဲ ခေါင်းသာညိတ်လိုက်ပါသည်။မျက်လုံးတွေကတော့ ဇင့်၏ ခြေဖမိုးကိုသာ ကြည့်နေမိပါသည်။
ဇင့်ဆီမှလည်း စကားဆက်မကြားရတော့ပါ။ဇင် မသွားသေးဘူး ဆိုတာကတော့ သူ့မျက်ဝန်းထဲမှာ မြင်နေရသည့် ခြေဖမိုးလေးက သက်သေခံနေပါသည်။မီးရောင်အောက်မှာ မြင်နေရသော ခြေချောင်းလေးတွေဟာ ရှင်းသန့်ေနသည်ဆိုတာ မြင်ရသည်။ခြေမထက် ခြေညှိုးက အနည်းငယ် ပိုရှည်ပါသည်။
"ခင်ဗျား စိတ်ဆိုးသွားတာလား။"
"ဗျာ။"
ဇင့် ခြေထောက်ကို ကြည့်ရင်း တွေးနေတုန်း ဇင့်၏ အပြောကြောင့် လန့်သွားသည်။
ဒီတခါတော့ ဇင့် ကို သူမော့ကြည့်လိုက်ပါသည်။စူးရှတဲ့မျက်ဝန်းကြောင့် ခေါင်းပြန်ငုံရပြန်ပါသည်။
"ကျွန်တော် တောင်းပန်နေတာတောင် ခင်ဗျားက ခေါင်းပဲညိတ်တယ်ဆိုတော့ ကျွန်တော့်ကို စိတ်ဆိုးလို့ပေါ့။"
သူ ခေါင်းပြန်မော့ကြည့်ကာ ငြင်းရလေသည်။
"ဟို....မဟုတ်ရပါဘူး။ကျွန်တော် က အားနာလို့ပါ။ကျွန်တော့်ကြောင့် ဝန်ပိစေတဲ့အတွက် အားနာလို့ပါ။ကျွန်တော် အတိတ်ကို သတိမရတဲ့အတွက်လည်း တောင်းပန်ပါတယ်။ဒီအတောအတွင်းကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ပြီး ဆေးကုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။"
"မလိုပါဘူး။ကျွန်တော်တို့ ရေစက်ရှိလို့တွေ့ခဲ့ကြတာပဲလေ။အဲ့နေ့ ကလည်း အပြင်သွားရင်း ဒေါသဖြစ်စရာလေးတွေ ကြုံလာလို့ပါ။ခင်ဗျားဆီ ဒေါသပို့သလို ဖြစ်သွားတာပါ။"
"ကျွန်တော် နားမလည်ပါတယ်။ကျွန်တော် ဘာမှမဖြစ်ပါဘူး။စိတ်ဆိုးနေတာလည်း မဟုတ်ပါဘူး။"
ဇင့်မျက်နှာကို သေချာစိုက်ကြည့်နေမိသည်။ဘီးကုတ်နှင့် နဖူးကို အပြောင်ရှင်းထားသော မျက်နှာနုနုလေး။လောကဒဏ်ကို ကြံ့ကြံ့ခံရင်း တည်တင်းနေတဲ့ မျက်နှာလေး။ဇင်ယော်တောင်မျက်ခုံးလေး နှစ်ခုကို ရှုံ့ထားသော အချိန်မှာတောင် ကြည့်လို့ကောင်းနေသည့် မျက်နှာလေး။ပါးပြင်ပေါ်က မှဲ့နက်လေးကိုပါ မမေ့အောင် သေချာစိုက်ကြည့်နေရင်း မှတ်သားနေမိသည်။
ကျေးဇူးရှင်တယောက်အဖြစ် ကျေးဇူးဆပ်ခွင့်မရသေးပေမယ့် ဒုက္ခပေးသူ တယောက်အဖြစ်တော့ သူ မဖြစ်ချင်တော့ပါ။
ဆုံးဖြတ်ချက်သည် ပိုမို ခိုင်မာလို့ လာပါတော့သည်။
7.1.2022 Friday.
7:30 pm.
*****
အမှားတစုံတရာ ပါခဲ့လျှင် စာရေးသူ၏ အားနည်းချက်သာ ဖြစ်ပါသည်။
ဖတ်ရှုပေးသူ တဦး၊တယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါသည်။ကျန်းမာ၊ချမ်းသာကြပါစေ။