ဝါဆိုဦးမောင် ( ၁၀ )

1.3K 86 18
                                    

နေပျောက်မထိုးသော ခရေပင်ရိပ်အောက်က ဝါးကွပ်ပျစ်ပေါ်တွင် ဝါဆို ပက်လက်လှန်ရင်း စာအုပ်ဖတ်နေသည်။ ဖတ်နေသည်က မြိုင်ရာဇာတွတ်ပီ။ ဝါဆိုငယ်ငယ်က ဦးမောင်နှင့်အတူ ဖတ်နေကျ စာအုပ်ဖြစ်သည်။စာအုပ်စင်ပေါ်တွင် စနစ်တကျ သိမ်းဆည်းထားသောကြောင့် မစုတ်မပြဲဘဲ သပ်သပ်ရပ်ရပ်လေး ရှိနေသည်။

စာမျက်နှာတစ်ချို့တွင်တော့ ဝါဆိုလျှောက်ဆွဲထားသော မော်တော်ကားပုံ၊ စက်ရုပ်ပုံတစ်ချို့ ရှိသည်။လက်ထဲတွင် စာရွက်နှင့် ဘောပင်၊ ခဲတံ တစ်ခုခုရှိလျှင် လျှောက်ခြစ်ချင်သော အကျင့် ဝါဆိုမှာ ရှိသည်။

ငယ်ငယ်က ဖတ်စာအုပ်များပေါ်တွင်လည်း ခဏခဏ လျှောက်ခြစ် လျှောက်ဆွဲသောကြောင့် ဦးမောင်ဆီက အမြဲဆူခံရသည်။နောက်ဆုံး ဝါဆိုကို အလိုလိုက်သော ဦးမောင်ကပဲ ပုံဆွဲစာအုပ်များ၊ ရောင်စုံခဲတံများ ဝယ်ပေး၍ နေရာတကျ သုံးတတ်ရန် သင်ပေးသည်။

ဘာပဲလုပ်နေနေ နောက်ဆုံးအတွေးရထားက ဦးမောင်ဆိုတဲ့ဘူတာဆီကိုသာ ဆိုက်ရောက်သည်။ဦးမောင် ပြန်သွားတဲ့အတောအတွင်း တစ်နေ့တစ်ခါ ဖုန်းနှင့် အဆက်အသွယ်ရသည်။ များသောအားဖြင့် နေကောင်းရဲ့လား၊ ထမင်းစားပြီးပြီလား နှင့်ပဲ ပြီးသွားသည်။သို့သော်ငြား အခုလို ပုံမှန် ဖုန်းခေါ်ခွင့်ပေးသည်ကိုပဲ ကျေးဇူးတင်ရပါသည်။
တစ်ခါတစ်လေတော့ စာအုပ်တွေတစ်ပုံတစ်ပင်အကြား အလုပ်ရှုပ်နေသော ဦးမောင် မျက်နှာကို စခရင်မ်ပေါ်မှတစ်ဆင့် ငေးကြည့်ခွင့်ပေးထားသည်။

ဦးမောင်က သူ့ဆရာကြီး၏ စာအုပ်တိုက်ကိုလည်း ကူညီပေးနေသည်။ ဒီရက်ပိုင်း အလုပ် အနည်းငယ် ရှုပ်မည်ဟု ကြိုပြောထားသော်လည်း ဖုန်းအဆက်အသွယ်မရသည်မှာ တစ်ပတ်ကျော်နေပြီ။သက်​ဆွေဦးဆီ မေးရ​အောင်ကလည်း သူက ဘာမှသိမည်မဟုတ်။နေ့စဥ် ဖုန်းဆက်ခွင့် အခွင့်ထူးကို ရထားတာက ဝါဆို တစ်ယောက်တည်း။

ဝါဆို စိတ်ရှိတိုင်းဆိုလျှင် မန္တလေးကို ချက်ချင်းလိုက်သွားပြီး ခဏလေးပဲဖြစ်ဖြစ် ဦးမောင်ကို ပြေးတွေ့လိုက်ချင်သည်။ထို့သို့ စိတ်ရှိတိုင်းလုပ်လိုက်လျှင် သူ့စကားကို နားမထောင်ရကောင်းလားဟု စိတ်ဆိုးမည့်သူက အဆင်အသင့် ရှိသည်။

ဝါဆိုဦးမောင် (Complete) Kde žijí příběhy. Začni objevovat