ဝါဆိုဦးမောင် ( ၈ )

1.1K 74 20
                                    

ဒုတိယနှစ်ဝက် စာသင်နှစ်များစ၍ ကျောင်းများပြန်ဖွင့်သည်မှာ တစ်ပတ်ခန့် ရှိပြီ။ ဝါဆိုကတော့ အခုထက်ထိ ကျောင်းကို ​ခြေမလှမ်းရသေး။ ကိုယ့်ကျောင်းကိုယ်သာ မသွားတာ ဦးမောင်တို့ကျောင်းကိုတော့ နေ့တိုင်းရောက်သည်။ မသိသူများဆိုလျှင် ဝါဆိုကို ထိုကျောင်းမှဟုပင် ထင်နေကြလောက်သည်။ ညနေတိုင်း ဦးမောင်ကျောင်းအဆင်းကို စောင့်ရသည်မှာ တာဝန်တစ်ရပ်လိုပင် ဖြစ်နေသည်။ မနေ့ညနေကျောင်းဆင်း၍ ဦးမောင်ကို သွားနှုတ်ဆက်ရာ မျက်နှာက နွမ်းနယ်နေသည်။ အရင်လို ကြည်ကြည်လင်လင်မရှိ။ အတွေးနယ်လွန်နေဟန် ရှိသည်။

ဒီနေ့လည်း အစက ကျောင်းတက်ဖို့ စိတ်ကူးမရှိ။ သို့သော် သက်ဆွေဦးက ဖုန်းဆက်သည်။ အရေးတကြီး ပြောစရာရှိ၍ ကျောင်းလာခဲ့ပါတဲ့ ။ဖုန်းထဲပြောဆိုတော့ မပြောချင်။ အိမ်လာခဲ့မည်ဆိုတော့ အိမ်မှာလည်း မပြောချင် ဆိုသဖြင့် ကျောင်းသွားဖို့ အကြောင်းဖန်လာသည်။ မဟုတ်မှ သက်ဆွေဦးများ ခိုးရာလိုက်တော့မလို့လားဟုပင် တွေးမိသေးသည်။

ကျောင်းရောက်တော့ မနက်ပိုင်း အတန်းစတော့မည်ဖြစ်၍ သက်ဆွေဦးနှင့် စကားမပြောရသေး။ နေ့ခင်းမှ ကန်တင်းဘက် တွေ့မည်ဟု ချိန်းလိုက်ကြသည်။ ဝါဆို နေ့လည်စာ မှာနေတုန်း သက်ဆွေဦး ရောက်လာသည်။ သူ့ပုံစံက အကြီးမားဆုံး လျှို့ဝှက်သတင်းကို လက်ဝယ်ပိုင်ဆိုင်၍ အားရပါးရ အတင်းချတော့မည့် ရပ်ကွက်ထဲမှ အဒေါ်ကြီးများလိုပင်။

"ဆိုပါဦး ဘာတွေများ အရေးတကြီး ပြောစရာရှိနေလို့လဲ "

ဝါဆိုဘက်က အရင် စကားစပေးလိုက်တော့ သက်ဆွေဦး ခမျာ မျက်နှာမဲ့သွားသည်။ ထို့နောက် အလွန်ပင် ပူဆွေးနေယောင် မျက်နှာကို မှိုင်ချလျက် ဆိုလာသည်။

"ပြောရမှာတော့ အရှည်ကြီးပဲ၊ ကောင်းတဲ့ သတင်းတော့ မဟုတ်ဘူး"

"အင်း "

ဤသို့စကားအစချီလာလျှင် တော်ရုံနှင့်မပြီးတတ်၍ ဝါဆိုလည်း နောက်က'အင်း'လိုက်၍ စကားထောက်ပေးရသည်။

"အိမ်မှာ ဟိုနေ့က အမေနဲ့ ဦးမောင်စကားများကြတယ် "

သက်ဆွေဦး ဆက်ပြောလာသောစကားမှာ ဝါဆိုပင် ထိုင်ခုံကိုမှီနေရာမှ ကျောမတ်သွားရသည်။ ဦးမောင်နှင့် အန်တီခင်နှင်း စကားများရန်ဖြစ်ဆိုသည်မှာ အတော်ပင် ရှားသည်။ တစ်နှစ်နေ၍ တစ်ခေါက်မျှ မဖြစ်တတ်။ အန်တီခင်နှင်းက သူ့မောင်ကို အတော်ချစ်၍ အလိုလိုက်သလို ဦးမောင်ကလည်း ကိစ္စမှန်သမျှ သူ့အမအန်တီခင်နှင်းသဘော။ငြင်းခုံစရာရှိလျှင်တောင် သည်းခံနားလည်ပေး၍ အတော်ချစ်ကြသော မောင်နှမဖြစ်သည်။အခုလို စကားများကြသည်ဆိုတော့ ဘာကိစ္စများပါလိမ့်။

ဝါဆိုဦးမောင် (Complete) Where stories live. Discover now