ဝါဆိုဦးမောင် ( ၂ ၂ )

854 51 14
                                    

ဧည့်ခန်းထဲက ဆက်တီခုံပေါ်မှာ ထိုင်နေကြသူတွေထဲမှာ အန်တီခင်နှင်းမှ လွဲ၍ ကျန်သည့်သူများက အတွေးကိုယ်စီနှင့် ဟန်မပျက် ထိုင်နေကြသည်။အန်တီခင်နှင်းကိုတော့ တစ်ခုခု တွေးနေလား မတွေးနေဘူးလားဆိုတာ သူ မခန့်မှန်းတတ်။

သက်ဆွေဦးရဲ့ အီလည်လည်မျက်နှာပေးက အလွန်သိသာ၍ အန်တီခင်နှင်းရှေ့မို့ အတော်အတန် ထိန်းထားရဟန်ပေါ်သည်။ဝါဆိုမျက်နှာကို ကွက်ကြည့်ကွက်ကြည့်နှင့် ပြောချင်နေသော စကားများကို အတင်းပြန်မျိုချနေပုံရသည်။

ဦးမောင်ကတော့ မလှုပ်မယှက်နဲ့ ငြိမ်သက်နေပေမယ့် ဘာကြောင့်မှန်းမသိပဲ တစ်ခုခုကို စိုးရိမ်နေသည်ဟု ဝါဆို ခံစားမိသည်။
အန်တီခင်နှင်းကိုရော စကားပြောဖို့ စိတ်ကူးရှိရဲ့လားမသိ။အန်တီခင်နှင်းကလည်း ဦးမောင်ဆီ အကြည့်ခဏခဏရောက်ပေမယ့် စကားတစ်ခွန်းနှစ်ခွန်းသာ ပြောသည်။

အန်တီခင်နှင်းရဲ့ မေးခွန်းတစ်သီတစ်တန်းကြီးကတော့ သူ့ဆီကိုသာ ဦးတည်လျက်။

"စစ်ကိုင်းက အလုပ်ကပြီးသွားပြီပေါ့ ဟုတ်လား ဝါဆို "

"ဟုတ်ကဲ့ အန်တီခင်နှင်း ၊ ရှေ့ရက်နည်းနည်းလောက်ကပဲ ပြီးသွားတာပါ "

လူကြီးကမေးနေတော့ ဝါဆိုလည်း စကားကို တုံးတိမဖြေဖြစ်ဘဲ အတိုးအလျှော့လေးနှင့် ထိန်းဖြေနေရသည်။

သို့ပေမယ့် အန်တီခင်နှင်းရဲ့ မေးခွန်းတွေက အဆုံးမသတ်သေး။

"ရေနံချောင်းကို ပြန်မလာတော့ဘူးလား ၊ အင်း သီသီနဲ့တောင် မတွေ့ရတာ ကြာပါပြီကွယ်"

"ဟုတ်ကဲ့"

"မမ အလုပ်ကိစ္စက ပြီးခဲ့ပြီလား၊ သွားစရာရှိသေးရင် ကျွန်တော်လိုက်ပို့မယ်လေ "

ဘာဆက်မေးမယ်မှန်းမသိ ဟန်ပြင်နေသော အန်တီခင်နှင်းကြောင့် ဝါဆို အကြပ်အတည်းဖြစ်နေချိန်မှာ ဦးမောင်က စကားဖြတ်ပြောလာသည်။ သူ ကျေးဇူးတင်စိတ်ကြောင့် ဦးမောင်ကို မသိမသာလှမ်းကြည့်မိတော့ ဦးမောင်က သူ့ကို ကြည့်မနေ။

'ဟမ့်'

"နေပါစေ ၊ အလုပ်ကိစ္စက ပွဲရုံကိစ္စပါ သက်ဆွေဦးနဲ့ သူ့အဖေနဲ့တင် ပြီးခဲ့ပြီ၊ ကိုထွန်းက သူ့မိတ်ဆွေတစ်ချို့နဲ့ ခဏသွားတွေ့တယ်၊ အပြန်ကျ ဒီကို ဝင်ခေါ်လိမ့်မယ် ၊ မန္တလေးမရောက်ဖြစ်တာကြာလို့ ကြုံတာနဲ့ လိုက်လာခဲ့တာ "

ဝါဆိုဦးမောင် (Complete) Where stories live. Discover now