"ကလေး ညနေကျ လာမကြိုနဲ့တော့နော် ၊ကိုယ်အပြင်ခဏ သွားစရာရှိလို့၊ကလေးလည်း မနက်ဖြန်မနက်ကျ ပြန်ရတော့မှာဆိုတော့ အိမ်မှာပဲ နားနေလိုက်"ဦးမောင်ကို မနက်ကျောင်းလိုက်ပို့ပြီးနောက် ကားရပ်ထားရာနေရာကနေ နှစ်ယောက်အတူ စကားပြောရင်း လျှောက်လာကြသည်။ဦးမောင်က ညနေကျောင်းဆင်းလျှင် လာမကြိုရန်အတွက် ဝါဆိုကို မှာနေသည်။
"ဟုတ်ကဲ့ ဦးမောင် ၊ကျွန်တော့်ကို ကျောင်းပေါက်ဝထိ ပြန်လိုက်မပို့ပါနဲ့တော့ ၊ ညနေမှတွေ့မယ်နော် တာ့တာ "
"အင်း "
နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားသော ကျောပြင်ကို နေရာမှာတင်ရပ်ပြီး ကြည့်နေမိသည်။ သူ့အကြည့်ကို ခံစားမိစွာ ဦးမောင်က တစ်ချက်လှည့်ကြည့်၍ ပြုံးပြသွားသည်။ သူပြန်ပြုံးပြလိုက်ပြီးနောက် ဦးမောင်က ရှေ့ကို ဆက်သွားလေသည်။
သူမြင်ကွင်းထဲက ဦးမောင် ပုံရိပ်ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်ပြီးနောက် ကျောင်းပေါက်ဝဆီကို ဦးတည်လိုက်သည်။
"ခုနက ဆရာထိုက်ဦးမောင်မလား ၊ ဆရာက အသက်သိပ်ကြီးပုံမပေါ်ဘူးနော် ၊ ရုပ်ကလည်း မဆိုးဘူးနော် "
ဝါဆို တစ်ယောက်တည်းလျှောက်လာရင်း သူ့နောက်က ဆူဆူညံညံစကားပြောနေကြသော ကျောင်းသူတစ်အုပ်ဆီမှ ဦးမောင်နာမည်ကို တစ်စွန်းတစ်စကြားလိုက်ရသည်။ထို့ကြောင့် ခြေလှမ်းကို မသိမသာ အရှိန်လျှော့လိုက်ရင်း ခပ်သာသာ နားစွင့်လိုက်မိသည်။
"နင်ကအခုမှပြောနေ၊ ငါတို့majorမှာ ဆရာ့အချိန်ဆို လူကိုစုံလို့ ၊ ကောင်မလေးတွေတင်မကဘူး ကောင်လေးတွေရောနော် "
"တခြားmajorကလူတွေတောင် ဆရာ့အချိန်ဆို အခန်းထဲကို မယောင်မလည်နဲ့ ဝင်ထိုင်ကြတာ ၊ ဆရာမှာ သူတို့ကို ပြန်လွှတ်ရတာ အလုပ်တစ်ခု "
ကျောင်းသူများ ပြောနေကြသော အကြောင်းအရာများက ဦးမောင်နှင့်ပတ်သက်၍ သူ မထင်ထားခဲ့သော ကိစ္စများဖြစ်သည်။
အမှန်တိုင်းပြောရရင် ဦးမောင်လိုလူမျိုးကို အဲ့ဒီလောက် လူကြိုက်များမည် မထင်ခဲ့ပါ။ရုပ်ရည်က ကြည့်ကောင်းသော်ငြား အနေတည်ရုံသာမက ပတ်ဝန်းကျင်နှင့် ဖက်လှဲတကင်းမနေတတ်ပဲ ခပ်အေးအေးသာ နေတတ်သောသူကို သူတစ်ယောက်တည်းကပဲ အရူးအမူးဖြစ်နေတယ် ထင်ခဲ့တာ။