Part 17

2.9K 292 30
                                    

Zawgyi

လက်တွင် ပတ်ထားသော နာရီက ည ၉နာရီခွဲရှိပြီဆိုတာ ညွှန်ပြနေသည် ။ အိပ်ရာပေါ်က ကလေးသည် မလှုပ်ရှားဘဲ ရောက်ကတည်းက ကွေးကွေးလေး သူ့အား ကျောပေး၍ ငြိမ်နေသည်မှာ ၁နာရီကျော်နေပြီဖြစ်သည် ။ သူဖက်ပေမယ့်လည်း ရှောင်ဖယ်လိုက်သော ကလေးကြောင့် ကွေးကွေးလေး၏ ကျောပြင်အား သူငြိမ်သတ်စွာ ကြည့်နေရသည် ။ သူအိမ်ပြန်ရမည့် အကြောင်းရင်းရှိပေမယ့် ကလေးအား စိတ်မချပါ ။

ကားပေါ်မှာကတည်းက မျက်လုံးလေးမှိတ် ငြိမ်သတ်ခဲ့သော ကလေးသည် သူလိုက်လာသည်ကိုလည်း တစ်ချက်သာ ကြည့်ပြီး ဘာစကားမှမပြောဘဲ ဝင်လှဲနေခဲ့တာ အခုထိပင် ။ ကားမှောက်တဲ့ မျက်ကွင်းတစ်ခုက သူ့ကလေးအား ထိုမျှလောက် စိတ်ပင်ပန်းစေမယ်မှန်း သူမသိခဲ့ ။

သူကလေးနှင့် ပတ်သတ်ပြီး ဘာဆို ၊ ဘာမှ သိတာ မရှိခဲ့ပါ ။သိအောင်လည်း သူမကြိုးစားခဲ့ ။ သူ့ကိုယ်သူ အသုံးမကျတဲ့ လူတစ်ယောက်အဖြစ် ပထမဦးဆုံးအကြိမ် ခံစားမိသည် ။ ဘဝတစ်လျှောက်လုံး မိဘတွေသဘောကျ နေ ၊ မိဘပေးစားသူ ယူ ၊ အိမ်ထောင်သည်ဘဝ ရောက်တော့ ပိုက်ဆံပိုကြိုးစားရှာခဲ့ပြီး တစ်စုံတစ်ယောက်ရဲ့ အကြောင်းကို စိတ်ဝင်တစား သိရှိဖို့ လုပ်ရမယ်ဆိုတာမျိုး မရှိခဲ့ ။

အခု သူသိချင်သည် ။ သိရမှ ဖြစ်မယ့်အကြောင်းအရင်းက တစ်ခုထဲပင် ။ သူ့ကလေး ညှိုးငယ်နေတာမျိုး မကြည့်ရက်ပါ ။ ဘာမှမသိ ၊ ဘာနှစ်သိမ့်မှုမှ မပေးနိုင်ဘဲ ထိုင်ကြည့်နေရသည့် စက္ကန့်တိုင်းမှာ သူနာကျင်ရသည် ။ အကြောင်းပြချက်မရှိ ရင်ခွင်ထဲ တိုးဝင်တတ်တဲ့ ကလေးက သူဖက်တာတောင် ရှောင်ဖယ်သွားသည်မို့ ဘယ်လောက်ခံစားနေရမလဲ မတွေးကြည့်ဝံ့ပါ ။

ဒီး ဒီး ဒီး !!!

အိတ်ထဲမှ ဖုန်း Vibrate အသံကြောင့် တစ်ချက်လှုပ်သွားသော စောင်ထဲက ကိုယ်လုံးလေးကို သူဘယ်လိုစိတ်ချပြီး အိမ်ပြန်ရမလဲ ။ Screen ပေါ်က ကျော့ဆိုတဲ့ နာမည်ကို ကြည့်ရင်း သူသက်ပြင်းရှည်ရှည်ဆွဲချမိသည် ။ သူအိမ်ပြန်ရမယ့် အကြောင်းရင်းထက် မပြန်ရမယ့် အကြောင်းရင်းက ပိုအလေးသာနေသည် ။

"အင်း"

"ကိုကြီး ပြန်မလာသေးဘူး ဟင်"

တိတ်ဆိတ်နေတဲ့ အခန်းအတွင်း ဖုန်းထဲမှ စကားသံတွေက အပြင်ကိုလျှံထွက်နေသည် ။ သူ့ကလေးက မလှုပ်ရှားဘဲ ပြန်နေနေသည် ။ ဖုန်းထဲက ကျော့အသံဖျော့ဖျော့ကို သူဘာမှမခံစားရဘဲ ၊ ကျောပေးထားတဲ့ စကားသံမထွက်သည့် ကိုယ်လုံးလေးက သူ့စိတ်ကို အလွန်လေးလံစေသည် ။

လွတ်မြောက်ခြင်း/လွတ်မြောက်ခြင်း ( Completed )Kde žijí příběhy. Začni objevovat