ဆောင်းဝင်သည်မှ မကြာသေး၊ မနက်ဆိုလျှင် ခိုက်ခိုက်တုန်အောင် အေးနေပြီ။ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသတွင်ရှိသော ဒီမြို့လေးက နွေရာသီဆိုလျှင် မခံမရပ်နိုင်အောင် ပူ၍ ဆောင်းရောက်လျှင်လည်း ခိုက်ခိုက်တုန်အောင် အေးသည်။ဆိုင်ကယ်လေ တစ်ချက်ဝေ့လိုက်တိုင်း ကြက်သီးများထသည်အထိ၊ မေးရိုးများရိုက်သည်အထိ လှိုက်အေးသည်။
အပူပိုင်း ဒေသဖြစ်၍ နှင်းဟုမဆိုသာသော်ငြား မြူခပ်ပါးပါးက ကျဆင်းလျက်ရှိသည်။ လေအဝေ့မှာ ဆောင်းစံပါယ်ရနံမွှေးမွှေးက ထုံသင်းနေသည်။ ခြံစိုက်သူများထံမှ အမေအော်ဒါမှာထားသော ဘုရားပန်းကို မနက်စောစော ဈေးထဲအထိ ဝါဆို သွားယူရခြင်းဖြစ်သည်။
တစ်လက်စတည်း လက္ဘက်ရည်ချိုဆိမ့်နှင့် အီကြာပဲဟင်း တစ်ပွဲလောက် လမ်းကြုံရင် ဝယ်ခဲ့ပါဟူသော တစ်ယောက်သောသူ၏ အမှာစကားကြောင့် မနက်ချမ်းချမ်းစီးစီးမှာ ဆိုင်ကယ်တစ်စီးနှင့် မြို့ပတ်နေရသည်။
လမ်းမကြီးအတိုင်းမောင်းနှင်နေရာမှ စက္ကူပင်များ တန်းစီစိုက်ထားသော လမ်းကြားလေးထဲသို့ ဆိုင်ကယ်ကို ချိုးကွေ့ဝင်လိုက်သည်။စက္ကူပွင့်ဖြူဖြူများပွင့်နေသော ခြံတခါးအစိမ်းရောင်လေးရှေ့တွင် ဆိုင်ကယ်ကို စက်ရပ်လိုက်ပြီး သံတခါးပေါ်က ဘဲလ်နှင့်ဆက်ထားသော ကြိုးကို နှစ်ချက်မျှ ဆွဲလိုက်သည်။
ခဏနေတော့ နှစ်ထပ်တိုက်လေးရဲ့နောက်ဖေးဘက်ကနေ အားကစားဘောင်းဘီနှင့် hoodieအပွကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် အပြေးအလွှား ထွက်လာသည်။ခြံတခါးကို အပြေးအလွှားလာဖွင့်ရသောကြောင့် မောနေဟန် အသက်ကိုဖြည်းဖြည်းချင်း ရှူနေပြီး အတော်ကြာမှ ခေါင်းမော့၍ စကားသံထွက်လာသည်။
"ငါမှာတာ ပါခဲ့လား ဝါဆို "
"အင်း ဒီမှာ "
ဆိုင်ကယ်မှာ ချိတ်ထားသော လက္ဘက်ရည်ထုပ်နှင့် အီကြာပဲဟင်းထုပ်ကိုဖြုတ်၍ ဝါဆို လက်လှမ်းပေးလိုက်သည်။
" ကျေးဇူးပဲ ငါ့သူငယ်ချင်းလေး ပင်ပန်းသွားပြီ"
"အပိုတွေ ပြောမနေနဲ့ သက်ဆွေဦး၊ ဘာမှာစရာရှိသေးလဲ "