(31)

1.4K 138 0
                                    

နောက်နေ့မနက်မှာပဲ နန်းတော်တစ်ခွင်မှာ ထိတ်လန့်အံ့သြစရာ သတင်းတစခုပြန့်နှံ့သွားတယ်။

ရီလင်ဝမ်ရဲ့ကြင်ယာတော်က ယောက်ျားလေးတဲ့ ။ပြီးတော့အခု ရီလင်ဝမ်က နန်းတွင်းထဲမှာတစ်ညလုံးဒူးထောက်နေတာအခုချိန်ထိဆိုပဲ။

ဘယ်ကနေဘယ်သူကစပြီးလွှင့်လိုက်တဲ့သတင်းဆိုတာ မသေချာပေမဲ့ အဲ့သတင်းက တစ်မနက်အတွင်းမှာပဲ မယုံနိုင်စရာနှုန်းနဲ့ပြန့်နှံ့နေတယ်။ပြည်သူတွေသာမက နန်းတွင်းအမတ်တွေကလည်း အဖြစ်မှန်ကို သိချင်နေပေမဲ့ နေမကောင်းဘူးဆိုပြီး မနက်ခင်းညီလာခံကိုဖျက်သိမ်းကာ နန်းတွင်းထဲဝင်ဖို့ပါ တားမြစ်ထားတဲ့ မင်းကြီးနဲ့ အိမ်တော်မှာမရှိတဲ့ ရီလင်ဝမ်တို့ကြောင့် မနေနိုင်မထိုင်နိုင် ဖင်တကြွကြွဖြစ်နေကြတယ်။

အခုချိန်အများကြားမှာ ဗျာအများဆုံးကတော့ လန်အိမ်တော်ပေါ့။သတင်းကြားကြားခြင်း ရောဂါကြောင့်ဆိတ်ငြိမ်တဲ့နေရာမှာအနားယူနေတဲ့ လန်သခင်လေးကို အခေါ်လွှတ်လိုက်ပေမဲ့ လူမနေတာကြာတဲ့အိမ်ကိုသာတွေ့ခဲ့တဲ့အပြင် ရီလင်ဝမ်ဆီက သတင်းမကြားရသလို ၊ နန်းတွင်းလည်းဝင်လို့မရလို့ နေ့တိုင်းရင်တမမနဲ့ကုန်ဆုံးနေရသည်။ရတတ်မအေးနိုင်တဲ့သူတွေနဲ့ အတင်းပြောကောင်းနေသူက နာမည်ကြီးဘုံကျောင်းမီးလောင်သွားတာတောင် အလေးမထားနိုင်လောက်အောင် ဗျာများဆဲ။

သတင်းတွေ ပွထနေပြီး သုံးရက်မြောက်နေ့မှာပဲ လူပြောများတဲ့ သတင်းတစ်ခုတိုးလာတယ်။အဲ့ဒါက ဟိုတစ်လောကမှနာမည်ကြီးသွားတဲ့ ပြဇာတ်။ အဲ့ပြဇာတ်နာမည်ကြီးရတဲ့အကြောင်းရင်းတွေထဲကတစ်ခုက အဓိကသရုပ်ဆောင်နှစ်ဦးလုံးက အမျိုးသားတွေဖြစ်နေတာပဲ။ပြဇာတ်နဲ့ နာမည်က ' ကောင်းကင်၏အလိုတော် ' တဲ့။

ပြဇာတ်လေးက ဒီလိုလေးစတယ်. . . .

တိုင်းပြည်တစ်ပြည်မှာ တိုက်ပွဲတိုင်းနိုင်တဲ့စစ်နတ်ဘုရားတစ်ဦးရှိတယ်။တိုက်ပွဲတိုင်းနိုင်ပေမဲ့ သူသတ်ခဲ့တဲ့လူအရေအတွက်ဟာများပြားလွန်းလို့ မိုးနတ်မင်းက သူ့ကိုကျိန်စာတိုက်ခဲ့တယ်။ သူကို ချစ်ခင်လို့ လက်ဆက်တဲ့ သူတိုင်း ကျိန်စာသင့်ပြီး သေဆုံးကြရတယ်။ကြာတော့ စစ်နတ်ဘုရားလေးကအလွန်စိတ်ထိခိုက်ပြီး လူတွေနဲ့ဝေးတဲ့နေရာဆီ ထွက်လာခဲ့တယ်။ သူတောထဲတောင်ထဲမှာမျက်စိလည်နေတုန်း အလွန်ချောမောတဲ့ ကောင်လေးတစ်ဦးက သူ့ကိုကယ်တင်ခဲ့တယ်။အဲ့ကောင်လေးက ငယ်စဉ်ကတည်းက ကျန်းမာရေးချို့တဲ့တာကြောင့် လူတွေနဲ့ဝေးပြီး ဆိတ်ငြိမ်တဲ့နေရာမှာ နေထိုင်တာဖြစ်တယ်။ကြာတော့ တစ်ဦးနဲ့တစ်ဦး သံယောဇဉ်ဖြစ်ပြီး ချစ်ကြိုက်ကြပေမဲ့ သူ့ရဲ့ကျိန်စာကို သိနေတဲ့စစ်နတ်ဘုရားလေးက သူ့ချစ်သူကိုဒုက္ခမရောက်စေချင်လို့ မြို့တော်ကို ပြန်လာခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ စေ့စပ်ကြောင်းလမ်းခဲ့တယ်။မကြာခင်မှာပဲနတ်ဘုရားလေးက မင်္ဂလာပွဲကျင်းပပြီး အိပ်ခန်းကိုပြန်လာတဲ့ အခါမှာတော့ သွေးအိုင်ထဲလဲနေတဲ့ မင်္ဂလာဝတ်စုံနဲ့ ချစ်ရသူကို တွေ့လိုက်ရတယ်။ တကယ်တော့ သတို့သမီးဟာ ကောင်လေးရဲ့အစ်မဖြစ်ပြီးကျိန်စာအကြောင်းသိသွားတဲ့ကောင်လေးက ဘယ်လောက်မှမကျန်တော့တဲ့ သူ့သက်တမ်းကို ခဏပဲဖြစ်ဖြစ် ချစ်တဲ့သူရဲ့ ကြင်ယာဖက် အဖြစ်ကုန်ဆုံးချင်ကြောင်း ငိုယိုပြောတာကြောင့် အစ်မ နေရာမှာအစားထိုးပြီး မင်္ဂလာဆောင်ခဲ့တယ်။ချစ်ရသူကိုအဆုံးရှုံးမခံချင်တဲ့ စစ်နတ်ဘုရားက ကောင်းကင်ကို ပထမဆုံအကြိမ်အဖြစ်တောင်းပန်ကာ ချစ်ရသူအတွက် တောင်းဆိုခဲ့တယ်။ သူ့ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် မိုးနတ်မင်းက ကောင်လေးကိုရှင်သန်ခွင့်ပေးလိုက်ရုံသာမက ကျန်းမာခဲ့ ကိုယ်ခန္ဓာကိုလည်းပေးသနားခဲ့တယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now