မုန်းစကားဆိုသော်လည်း Ep-28
Zawgyi
ခြေလှမ်းဖွဖွနှင့် အခန်းထဲဝင်လာပြီး ရှောင်ကျန့် ရီပေါ်ကို ခြေစုံရပ်ကြည့်နေမိ၏။
ရီပေါ်က ဂျယ်တွေနှင့် ရွှဲလက်တောက်ပနေသော ဆံပင်တို့ကို ဘီးနှင့် ခပ်ဆတ်ဆတ်ဖြီးနေရင်းက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြသည်။
ပြီးတော့ ရေမွှေးပုလင်းကိုယူကာ ခန္ဓာကိုယ်အနှံ့ တရှူးရှူးနှိပ်ဖျန်းလိုက်သည်။
ဂျင်းဘောင်းဘီအနက်နှင့် တီရှပ်ဖြူလွှလွှက စိုပြည်ကျစ်လျစ်သော ရီပေါ့်ခန္ဓာကိုယ်အလှကို ပေါ်လွင်နေစေ၏။
အမြဲတမ်း ကြော့မတ်နေကျမို့ ဒီStyleမှာ ထူးခြားသည်တော့ မဆိုသာ။
ရှောင်ကျန့်ကတော့ ကြည့်ကောင်းလွန်းသည့် ရီပေါ့်သဏ္ဌာန်ကို နည်းနည်းပါးပါး မနာလိုဖြစ်မိတာအမှန်ပင်။
သို့သော် ခုမှာတော့ ရီပေါ်ကို မျက်နှာချိုသွေးရမှာမို့ ရှောင်ကျန့် ပြုံးပြလိုက်သည်။
ရီပေါ် မျက်ခုံးပင့်သွားတာတွေ့တော့ ရှောင်ကျန့် ခပ်ပြုံးပြုံးလေးပင် ရီပေါ်အနား လျှောက်လာပြီး.....
ရီပေါ်၏ လည်ပင်းလေးကို ရစ်သိုင်းဖက်လိုက်ပြီး.....
"ဘယ်သွားမလို့လဲ ဟင်"
ရီပေါ်က ရှောင်ကျန့်ခါးလေးကို ဆတ်ခနဲ ပွေ့ဖက်ကာ.....
"သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာရှိလို့ Coffeeဆိုင် သွားမလို့၊ ပြီးရင်....."
"ခဏလောက်တော့ အချိန်ရသေးတယ်မဟုတ်လား"
ရှောင်ကျန့် မြန်မြန်ဖြတ်မေးလိုက်တော့ ရီပေါ်က မျက်ခုံးလေးပင့်သွား၏။
"ဘာလို့လဲ"
"အိမ်မှာ ခဏလောက် နေပေးပါလား၊ ဧည့်သည်လာမှာမို့ပါ၊ ခုပဲ ဖုန်းဆက်တယ်"
"ကျန့်ဆီ ဧည့်သည်လာမှာ ကိုယ်ရှိနေဖို့ လိုလို့လား"
"ဟိုလေ ဧည့်သည်က Koreaသားတစ်ယောက်ပါ၊ မားတို့ဆိုင်ကို ကျွန်တော်လိုက်သွားတဲ့နေ့က ပန်းပုထည်တွေ ဝယ်တဲ့သူပါ၊ အဲဒါ သူ ဟိုနေ့ကဝယ်သွားတဲ့အရုပ်မျိုး နောက်ထပ်လိုချင်လို့ လာအပ်မယ်ပြောတယ်၊ မားကလည်း မရှိတော့ ကျွန်တော်တစ်ယောက်တည်း ဧည့်ခံတတ်မှာမဟုတ်ဘူး၊ ရီပေါ်ပဲ စကားပြောပေးပါနော်၊ ကျွန်တော်မှ Koreaစကားမပြောတတ်တာ"