အခန်း ၄၄ (Chapter 44)

7.3K 531 33
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက်၊ ညနေ (၆)နာရီ

သူတို့သုံးဦး ရန်ကုန်-ပြည် လမ်းမကြီးပေါ်ကို ရောက်လာချိန်မှာ ညနေ (၆)နာရီခန့် ရှိနေလေပြီ။ လမ်းမပေါ်မှာ ကားတွေကလည်း ရှင်းနေပြီး ပတ်၀န်းကျင်ကလည်း မှောင်စပြုနေတာမို့ သူ သတိထားပြီး မောင်း‌‌နေရတော့သည်။ ထိုအချိန်မှာပင် သူတို့ရဲ့ကားနောက်က ကားမီးရောင်တစ်ခုကို မြင်လိုက်ရလေသည်။ သူရိန်ညီက ကားနောက်ကြည့်မှန်ကနေ လှမ်းကြည့်လိုက်ပြီး ထိတ်လန့်စွာ ပြောလာတော့သည်။

"အဲ...ဒါ ဦးရဲ့ကားပဲ။"

သူရိန်ညီ့စကားကြောင့် သူ ကားကို အမြန်မောင်းလိုက်ရလေသည်။ သူတို့ကားနှစ်စီးစလုံး အရှိန်နဲ့မောင်းနေစဉ်မှာ ကွေ့တစ်ခုဆီ ရောက်လာလေတော့သည်။ နောက်ကကားကို အာရုံစိုက်နေမိတာမို့ ရှေ့က ကွေ့ကို သူ သတိမထားမိလိုက်ပေ။ ပလက်ဖောင်းဘေးက အုတ်ခုံတွေနဲ့ တိုက်မိမလို ဖြစ်နေတဲ့ကားကို သူ ဘရိတ်အုပ်ဖို့ ကြိုးစားလိုက်ပေမယ့် ကားက ဘရိတ်ကြိုးပြတ်နေလေပြီ။ သူတို့ ဟိုတယ်ကနေ ထွက်လာချိန်ကတည်းက ကားကို ဆီနဲ့ ဘရိတ် သေချာစစ်ဆေးခဲ့ပြီးသား ဖြစ်သည်။ ဒါဆို ဒီကိစ္စက...သူ့ကို အသက်ရှင်လျက် ပြန်လွှတ်မပေးချင်တဲ့ ထွဋ်ခေါင်ဦးရဲ့လက်ချက်သာ ဖြစ်ပေလိမ့်မည်။ အဖြေကို သူ သိသွားချိန်မှာ သူရိန်ညီကို ကာကွယ်ပေးဖို့ ကြိုးစားလိုက်မိသည်။ ထိုအချိန်မှာပင် သူတို့ရဲ့ကားက လမ်းဘေးက အုတ်ခုံကို အရှိန်နဲ့ ၀င်တိုက်မိသွားလေတော့သည်။ သူ မျက်လုံးတွေ ပြန်ဖွင့်မိချိန်မှာ သူ့ဘေးမှာ သွေးတွေနဲ့ သတိလစ်နေရှာတဲ့ သူရိန်ညီကို တွေ့လိုက်ရသည်။ ကားနောက်ခန်းထဲက ဟန်နီကလည်း သွေးတွေ စိုရွှဲနေလေပြီ။

"ညီ!!! ဟန်နီ!!!"

သူ့ခေါ်သံကို သူတို့နှစ်ဦးစလုံး ပြန်မထူးခဲ့ကြပေ။ သူရိန်ညီရဲ့အသက်ရှုသံကို သူ တုန်ရီစွာဖြင့် စမ်းကြည့်လိုက်မိသည်။ အသက်ရှုသံ ငွေ့ငွေ့လေးတစ်ခုကို ခံစားမိတော့မှ သူ စိတ်အေးသွားရလေသည်။ ဟန်နီကလည်း ခေါင်းပိုင်းကို နည်းနည်း ထိမိသွားတာက လွဲရင် အသက်အန္တရာယ် စိုးရိမ်စရာမရှိလှသည့် အခြေအနေပင် ဖြစ်သည်။ သူတို့နှစ်ဦးရဲ့အခြေအနေကို စမ်းသပ်ကြည့်ပြီး စိတ်အေးသွားရချိန်မှာ ကားရဲ့ဘေးမှာ လာရပ်တဲ့ ထွဋ်ခေါင်ဦးကို တွေ့လိုက်ရတော့သည်။ ထွဋ်ခေါင်ဦးက ကားတံခါးကို ဖွင့်ပြီး သူရိန်ညီကို ခေါ်ထုတ်ဖို့ ကြိုးစားလိုက်လေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now