For 💔💔💔

6.9K 207 101
                                    

ထွဋ်ခေါင်ဦး၏ဘဝဇာတ်ကြောင်း(၅)


ကျွန်တော့်ရဲ့တောင်းဆိုမှုကို သူက မကျေနပ်ပေမယ့် လက်ခံပေးခဲ့ပါတယ်။ ကိုယ် ချစ်တဲ့သူနဲ့ လက်ထပ်ရမှာကို မပျော်ရွှင်နိုင်တဲ့သူဆိုတာက ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ရှိမှာလဲတဲ့။ အဲဒီလိုလူမျိုး တကယ်ကို ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်နေလို့ပါ။ အမြဲတစေ လိုချင်နေတဲ့အဖြေကို ရခဲ့ပေမယ့် သူ့မျက်နှာပေါ်က အပြုံးလှလှလေးတွေကတော့ ပျောက်ကွယ်သွားခဲ့ပြီလေ။

အဲဒီနောက်ပိုင်း ကျွန်တော် မြင်တွေ့ခဲ့ရသမျှက သူ့ရဲ့ငိုကြွေးမှုတွေပါပဲ။ မှတ်မိနေပါသေးတယ်...အဲဒီနေ့တုန်းက ကျွန်တော် ခရီးထွက်လာတဲ့ အမေရိကကို သူက လိုက်လာခဲ့တာ။ ဒါပေမဲ့ ဟိုတယ်ခန်းထဲ ရောက်ရောက်ချင်းပဲ သူက ကျွန်တော့်ကို ပွေ့ဖက်ပြီးတော့ ငိုကြွေးခဲ့ရှာတယ်။

"မင်း ဘာဖြစ်လာတာလဲ!? ကိုယ့်ကို ပြောပါဦး။"

သူ့နှုတ်က ထုတ်မပြောပေမယ့် အဲဒီအဖြေကို ကျွန်တော် ရိပ်မိနေခဲ့ပါတယ်။

"အားလုံး အဆင်ပြေသွားမှာပါ။ အခု ခံစားနေရတာတွေကိုလည်း နောက်ကျရင် မေ့လို့ ရသွားပါလိမ့်မယ်။"

အဲဒီနေ့ညက သူ အိပ်မပျော်ဘဲ အိပ်ဆေးခိုးသောက်တာကို ကျွန်တော် သိလိုက်ရတယ်။

"အိပ်ဆေးက ဘာလို့ သောက်မှာလဲ!?"

"အိပ်မပျော်လို့..."

"နေရာအပြောင်းအရွှေ့နဲ့မို့ ဖြစ်ပါလိမ့်မယ်။ ဆေးမသောက်နဲ့။ လာ...ကိုယ် ချော့သိပ်ပေးမယ်။"

သူ့ကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းပြီး ကျောပြင်လေးကို ပုတ်ပေးလိုက်မိတယ်။

"စိတ်ချလက်ချ အနားယူလိုက်။ ကိုယ် မင်းနဲ့ အမြဲတမ်း အတူရှိနေပေးမှာပါ။"

သူ့နဖူးလေးကို ကျွန်တော် ခပ်ဖွဖွနမ်းရှိုက်ပြီး အိပ်ပျော်စေမယ့် ‌ဂီတသံကို တိုးတိုးလေး ဖွင့်ပေးထားလိုက်မိတယ်။ ခဏအကြာမှာ သူက မျက်လုံးလေးတွေ မှေးစင်းပြီး အိပ်ပျော်စပြုလာပေမယ့် တိုက်တိုက်ဆိုင်ဆိုင် သူရိန်ကိုဆီကနေ ဖုန်းဝင်လာခဲ့ပြန်တယ်။ ကျွန်တော်တို့ စကားအချေအတင်ပြောနေတုန်းမှာပဲ သူက ပြန်နိုးလာခဲ့တာပေါ့။ ကျွန်တော် ထင်ထားတဲ့အတိုင်းပါပဲ။ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက ကျွန်တော် လိုချင်တဲ့အတိုင်း အဆုံးသတ်သွားခဲ့ပြီလေ။ ဒါပေမဲ့ သူရိန်ကိုက သူ့ရင်ထဲကနေ ပျောက်ကွယ်မသွားခဲ့‌ပါဘူး။ ဟန်နီဆိုတဲ့ မိန်းကလေးဆီကနေ သူရိန်ကို့အကြောင်းတွေကို သူ စုံစမ်းနေမှန်း ကျွန်‌တော် သိလိုက်ရတယ်။ သူရိန်ကို အိပ်ဆေးတွေသောက်ပြီး သတ်သေဖို့ ကြိုးစားမှာကိုလည်း သူက ကြိုသိပြီး ဟန်နီ့ကို သွားတားခိုင်းခဲ့တာ။ တခြားတစ်ယောက်အတွက် အမြဲတမ်းစိတ်ပူပန်နေတဲ့ သူက ကျွန်တော် အလုပ်ပင်ပန်းပြီး မူးလဲခဲ့ရတာကိုတော့ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ!? အမှန်တကယ်ဆို သူရိန်ကို့အပေါ် ဒုက္ခပေးဖို့ စီစဉ်ထားသမျှကို ကျွန်တော် ပယ်ဖျက်လိုက်မယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ။ အခုတော့ သူ့ရဲ့မပြတ်သားမှုတွေက ကျွန်တော့်ကို မနာလိုမှုတွေဆီ တွန်းပို့ပေးခဲ့တာပေါ့။ အဲဒါကြောင့် မူလအကြံအစည်အတိုင်း ဆက်သွားလိုက်မိတယ်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now