Zawgyi
အချိန်အတော်ကြာ အခန်းအောင်းပြီး အလုပ်လုပ်ထားသည်မို့ ညောင်းချိနေသည့်ခန္ဓာကိုယ်အား တစ်ဖက်ဆီလှည့်ကာ အကြောဆန့်ပစ်လိုက်သည် ။
အလုပ်လုပ်တဲ့အချိန်ဆို တခြားအာရုံမထားတတ်သည့်အကျင့်ကြောင့် အစတုန်းကဘေးနားမှာ ထိုင်ဆော့နေသည့်ပိစိလေးတောင် ဘယ်အချိန်ထွက်သွားမှန်းမသိလိုက် ။
ခပ်ဟဟသာဖွင့်ထားသည့် အပြာရင့်ရောင်လိုက်ကာစရှည်နှစ်ဖက်ကို အဆုံးထောင့်ထိဆွဲဖွင့်ကြည့်တော့ အချိန်လင့်နေပြီဖြစ်၏ ။
အနည်းငယ်ကြေမွနေပြီဖြစ်သည့် အင်္ကျီအနားစတို့အား တစ်ချက်ဆွဲဆန့်ကာ စားပွဲပေါ်မှာတင်ထားသည့် ရေမရှိတော့မည့်ဖန်ခွက်ကိုယူပြီး အောက်ထပ်ဆင်းလာခဲ့လိုက်သည် ။
" အစ်ကိုလေး ဘာလိုချင် "
" ရတယ်.ကျွန်တော်သက်သက်ဆင်းလာတာ "
" သိပါပြီ "
" ငလုံးလေးရော "
" ဗျာ "
သူတစ်ယောက်တည်းသာသိသည့် ( ကိုယ်တိုင်သတ်မှတ်ထားသော ) နာမည်ပြောင်လေးကြောင့် အိမ်တော်ထိန်းမင်က ကြောင်တောင်တောင်ဖြစ်သွား၏ ။
" အာ Junလုံးလေးကိုပြောတာ "
" ခြံထဲမှာဆော့နေတယ်နဲ့တူပါတယ် "
နေကြတ်သယောင်ရှိတဲ့ ညနေဆည်းဆာက မနုမရင့်လိမ္မော်ရောင်ကောင်းကင်ကြောင့် ခါတိုင်းနေ့တို့ထက် ပိုလှနေ၏ ။
မပူမအေးရာသီဥတုရဲ့ညနေမှာ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ခြံထဲ လမ်းလျှောက်ရတာ သိပ်ကိုအေးချမ်းတဲ့အပြင် စိတ်လည်းလန်းဆန်းစေသည့် ခံစားချက်မျိုးကို သဘောကျသည် ။
" ဟိဟိ "
ကလေးတစ်ယောက်လို ရယ်သံသေးသေးက အိမ်ကြီးရဲ့နောက်ဘက်မှာ သူကိုယ်တိုင်စိုက်ပျိုးထားသည့် ပန်းမျိုးစုံရှိသောဥယျာဉ်ထဲကဖြစ်မည် ။
" အဟိ "
ယုန်သေးသေးလေးတစ်ကောင်ကို လက်ဖဝါးလေးတွေနဲ့ပွတ်သပ်ကာဆော့နေသည့် သူ့ကိုကျောပေးထားသော ကောင်လေး၏ ချိုလွင်သောရယ်သံအချို့ ။
