Chapter - 1 : The Predator and The Prey

10.2K 538 44
                                    

ညအမှောင်ထုထဲတွင် လူမရှိသည့် လမ်းမထက်တွင် ပြေးလွှားနေခဲ့သော အရိပ်တစ်ခု။ မြို့သည် ခြောက်ကပ်လျက်။ အိမ်တံခါးများပြတင်းများသည် တင်းတင်းစေ့လျက်။ ထိုပြေးလွှားနေခဲ့သော သူသည် တစ်အိမ်ပြီးတစ်အိမ် ထုရိုက်အကူအညီတောင်းခံနေခဲ့မိသည်။

"ကူညီပါ!!!! ကျွန်မကိုကူညီပါ......"

ထိုအမျိုးသမီးငယ်၏ ငိုကြွေးအကူအညီတောင်းသံကို အိမ်ထဲရှိသူများသည် မျက်စိကိုမှိတ် နားကိုပိတ်ကာ ဥပက္ခာပြုခဲ့မိကြသည်။ သနားစဖွယ်အကူအညီတောင်းခံနေခဲ့သော အမျိုးသမီးငယ်၏ မျက်နှာသည် နီးကပ်လာသည့် ခြေသံနှင့်အတူ သားရဲတစ်ကောင်၏ ညည်းသံမျိုး ကြားလာရချိန်တွင် အကူအညီတောင်းခံခြင်းကို ရပ်တန့်ရင်း လမ်းကြားတစ်ခုသို့ ပြေးဝင်သွားခဲ့ရင်း အမှိုက်ပုံးများကြားတွင် တိုးဝှေ့ဝင်ပုန်းနေခဲ့မိသည်။ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သော သူမ...လက်ထဲမှ အနှီးထုတ်လေးအား ပွေ့ပိုက်ရင်း ငိုကြွေးနေခဲ့သည်။ ကူကယ်ရာမဲ့နေခဲ့သော သူမ ရင်ခွင်ထဲတွင် အိပ်စက်နေခဲ့သော နီတာရဲ ကလေးငယ်လေး။ သူမ ထိုကလေးငယ်လေးကို ကြည့်ပြီး စိတ်မကောင်းစွာ မျက်ရည်များစီးကျလာခဲ့မိသည်။ ထိုကလေးငယ်သည် နောက်တစ်နေ့၏ နေရောင်ပင် မြင်ရပါ့မလား။

သူမ ပုန်းအောင်းနေခဲ့သော အမှိုက်ပုံးများ လွင့်ထွက်သွားခဲ့ပြီး သူမအပေါ်ကျရောက်လာသော အရိပ်မည်းတစ်ခု။ သူမ လက်ထဲမှ ကလေးကို သူမ တင်းကြပ်စွာ ပွေ့ပိုက်ထားခဲ့မိသည်။ ချွန်မြသော သွားများဖြင့် ထိုသတ္တဝါကြောင့် သူမ မျက်လုံးများကို မှိတ်ထားခဲ့မိတော့သည်။ သေခြင်း။ သူမ သေဆုံးခြင်းအတွက် သူမ ဝမ်းမနည်းမိသော်လည်း။ တစ်နှစ်ပင်မပြည့်သေးသော သူမလက်ထဲမှ ကလေးငယ်အတွက်တော့ သူမ ဝမ်းနည်းမိခဲ့ပါသည်။

"မေမေ့ကို ခွင့်လွှတ်ပါသားရယ် ဒီကာလမှာ သားမွေးဖွားခဲ့ရတဲ့အတွက် မေမေ့ကိုခွင့်လွှတ်ပါ"

သူမ ငိုကြွေးရင်းသာ သူမတို့နှစ်ဦးလုံး၏ သေခြင်းကိုသာ စောင့်နေခဲ့မိတော့သည်။

"အား!!!!!!"

သူမရှေ့မှ အသံနက်ကြောင့် သူမ မျက်လုံးများအဖွင့် သူမရှေ့မှ သတ္တဝါ၏ ရင်ဘတ်ကို ထုတ်ချင်းပေါက်ဝင်ရောက်ခဲ့သော လက်တစ်စုံ။ ချွန်မြသော လက်သည်းရှည်များနှင့် ထိုလက်ရုတ်သိမ်းလိုက်မှုကြောင့် နီရဲသော သွေးတို့သည် သူမ မျက်နှာပေါ်သို့ စင်လာခဲ့သည်။

A forbidden Love Story (fanfic)Où les histoires vivent. Découvrez maintenant