အပိုင်း- ၃၄
ဒီနေ့တော့ အစ်ကိုသည် ၂၄နာရီ Duty နားရက်မို့ တစ်နေကုန် ကျော်ကိုကို့အနားသို့ကပ်နေတော့သည်။ ဆိုင်တွင်လည်းဈေးကူရောင်းသည်။
အရင်လိုမျိုး ပျင်းတာနှင့်ဖဲဝိုင်းကိုခြေဦးလှည့်မည်မကြံတော့ပေ။ နှစ်ယောက်သားရှာသည့်ပိုက်ဆံများအားလုံးကို အစ်ကို့ဂေသာကိုလစဥ်လှူသင့်တာလှူသည်။ ကျန်တာကိုသူတို့သုံးရန်တစ်ချို့ကိုချန်၍ကျန်ငွေများကို စုဗူးနှင့်စုသည်။ အိမ်လေးတစ်လုံးဝယ်ရန်ဖြစ်သည်။"ဒီည ညဈေးသွားကြမယ်နော်။"
ကျော်ကိုကိုက ပြောလိုက်ခြင်းဖြစ်သည်။
"ဆိုင်ကို ဒေါ်စိုးထားခဲ့လိုက် လေ"
"ဟုတ်"
ဒေါ်စိုးဆိုသည်က အလုပ်မရှိ၍ သူတို့ဆိုင်မှာနေ့စားခေါ်ထားသည့် အဒေါ်ကြီးဖြစ်သည်။ တစ်နေ့ ၇၀၀၀နှင့်စားရိတ်ငြိမ်းမို့ တစ်ကိုယ်တည်းနေသည့် ဒေါ်စိုးလည်းအဆင်ပြေသည်။
"ဒေါ်စိုးရေ ခဏနေကြရင် 888 ဖဲဝိုင်းက စာရေးမနှစ်ယောက် ထမင်းဆီစမ်းကိုအမဲသားကြော်နဲ့လာယူလိမ့်မယ်နော်။ အဲ့တာ လုပ်ပေးလိုက်ပါဦး။
ကျွန်တော် ညဈေးသွားစရာရှိလို့ ။ ဒေါ်စိုးရောဘာမှာဦးမလဲခင်ဗျ။ ""မမှာတော့ဘူးကျော်ကိုကိုရေ ။ အေးဆေးသွား ဆိုင်ကိုစိတ်ချခဲ့"
"ဟုတ်"
ကျော်ကိုကိုလည်း အေပရွန်လေးကိုချွတ်ပြီး ပိုက်ဆံအိတ်ထဲဖုန်းလေးကိုထည့်လိုက်သည်။ အစ်ကိုသည်ဆိုင်ကယ်ပေါ်တွင် ထိုင်၍ သူ့အားစောင့်နေလေသည်။
"သွားမယ်အစ်ကို"
"ဟုတ်ပြီဗျာ"
ဆိုင်ကယ်စီးလျှင် ဖက်တတ်သည့်အကျင့်အား အစ်ကိုပေးခဲ့လေသည်။ သူ့နောက်ကလိုက်စီးလျှင် မဖက်လျှင်မကြိုက်တတ်သလို၊ တခြားတစ်ယောက်နောက်ကလိုက်မိ၍ ပုခုံးကိုကိုင်မိလျှင်လည်း အစ်ကိုကမကြိုက်တတ်ပြန်ပေ။
တစ်ခါတစ်ရံအစ်ကိုသည်
ကျွန်တော်နားလည်ရန်ခက်သောပဟေဠိ
တစ်ခါတစ်ရံကျွန်တော်ဟာ
အစ်ကို့အတွက် အဖြေမရှိသော
ဂျီဩမေတြီတစ်ပိုဒ်။