တကယ်ပါပဲလား။
မြဟာ အသက်ရှင်နေသေးတာပါလား။
ဒါပေမယ့် ဘယ်အချိန်လဲ။ မြဟာ သိပ်နောက်ကျနေတဲ့အချိန်မှာများ ပြန်လည်ရှင်သန်လာမိတာများလား။

တံခါးခေါက်သံသဲ့သဲ့ကို သူ ကြားလိုက်ရသည်။ တံခါးကို တွန်းဖွင့်သံ။ အခန်းထဲ ဝင်လာသည့်သူ၏ ခြေသံခပ်ပြင်းပြင်း။ ကုတင်နား ရောက်အံ့ဆဲဆဲတွင် ရပ်တန့်သွားသည့် ခြေလှမ်းများ။ ရပ်တန့်သွားသည့် ခြေအစုံကို လှမ်း၍ ကြည့်လိုက်သည့်အခါ ခပ်ညိုညို ကြမ်းရှရှ အသားအရေနှင့် သူ။

"နေမှကောင်းရဲ့လား၊ အိပ်နေတာကြာပြီ"

ထိုဩရှရှအသံကြောင့် မြတင့်၏ ကျောပြင်မှာ တောင့်တင်း၍သွား၏။ အသည်းနှလုံးများမှာလည်း တလှိမ့်လှိမ့်နှင့် လှိုင်းစီးနေရသလို စီးချက်မညီစွာဖြင့် ခုန်လှုပ်နေပါ၏။ သူဟာ မြတ်သိန်း... မြတ်သိန်းပါပဲ။

မြတင့်ဟာ သူ၏ မျက်နှာအား မော်၍ပင် မကြည့်ဝံ့ပါချေ။ ယခင်ဘဝက မိမိအား နာကျင်စွာ၊ နာကျည်းစွာ စူးစိုက်ကြည့်ခဲ့သည့် ထိုမျက်ဝန်းနက်နက်များအား ရင်ဆိုင်ရန် မြတင့်မှာ ခွန်အားနှင့် သတ္တိတို့ မရှိသေးပါချေ။ သူဟာ ဘယ်အချိန်မှာ ပြန်လည်ရှင်သန်လာခဲ့မိမှန်း မသိရသေးသည်မဟုတ်ပါလား။ မြတ်သိန်းအား ထားမေနှင့် လက်ထပ်ယူပါရန် အတင်းအကျပ် တောင်းဆိုပြီးသည့်အချိန်မှာများ ပြန်လည်၍ ရှင်သန်လာမိလျှင် မြတ်သိန်း၏ မျက်ဝန်းများမှာ နာကျည်းဟန်အပြည့်ဖြင့် ဖြစ်နေမည်မှာ အသေအချာ။ ထိုအတွေးများ ဝင်ရောက်လာသည့်အခါ၌ မြတင့်သည် ပြန်၍ရှင်သန်လာရသည့် အခွင့်အရေးကိုပင် မလိုချင်တော့ပါချေ။ သူ အဆုံးတိုင် ပျောက်ကွယ်သွားပစ်လိုက်ချင်တော့သည်။

ထို့နောက်တွင်တော့ ခြေသံခပ်ပြင်းပြင်းကို ထပ်၍ ကြားလာရပြန်သည်။ ကုတင်အနားထိ လျှောက်လာပြီးသည့်နောက် မြတင့်၏ ကုတင်ဘေးရှိ စားပွဲအပုကလေးပေါ်တွင် နှင်းဆီပန်းကလေးတစ်ပွင့်အား တင်ပေးလာသည်။ ထို့နောက်တွင်တော့ မြတင့်၏ နဖူးပေါ်ကို လက်ဖဝါးခပ်နွေးနွေးကလေးတစ်ဖက် ရောက်လာသတဲ့လေ။

"ဖျားတော့ မဖျားပါဘူး"

တစ်ယောက်တည်း ရေရွက်နေရှာ၏။ ထို့နောက်တွင်တော့ သူ မြတင့်ကို လှုပ်နှိုးသတဲ့လေ။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now