"မှန်မှန်ပြောစမ်း၊ ကိုကို့မျက်နှာကြောင့်မလား"

အဆန်း၏ မျက်တောင်ကလေးများ နှစ်ချက်မျှ ခပ်မြန်မြန် လှုပ်ရှားသွား လေ၏။ နှလုံးသားအား တစ်စစီ ဆုပ်ခြေလိုက်သည့်နှယ် စူးနင့်အောင့်သက်စွာ ခံစားလိုက်ရလေသည်။

"ထားမေက အဆန်းကို ပေါက်ကရတွေ ပြောနေတာပဲ"

အဆန်းသည် ထားမေ၏ မျက်ဝန်းနက်နက်များအား တစ်ချက်မျှ ကြည့်ကာ တစ်ဖက်သို့ မျက်နှာလှည့်သွားလေသည်။နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားပြီး လက်သီးကိုလည်း ခပ်ဖွဖွဆုပ်လျက်။ ထားမေမှာမူ ပြောင်းလဲသွားသော အဆန်း၏ အမူအရာများအား သတိပင်မထားမိခဲ့ပါချေ။ ဘယ်တုန်းကမှလည်း သတိမထားမိခဲ့၊သတိထားမိရန်လည်း မကြိုးစားခဲ့ဖူးပါချေ။

"အဆန်းက သိပ်ရိုးတာပဲ၊ အဆန်း ကိုကို့ကို ‌သဘောကျနေတာ ထားမေ သိပြီးသားပါနော်၊ အဆန်းက ဘာလို့ဝန်မခံသေးတာပဲ ပြော"

ထားမေ၏ ရယ်သွမ်းသွေးသော အသံဖြင့်ပြောလာသည့် စနောက်သည့်စကားများကြောင့်  အဆန်း၏ မျက်နှာကလေးသည် ဝမ်းနည်းနေသယောင်ရှိနေရာမှ တည်၍ သွားလေသည်။

"အဆန်း မောင့်ကို မချစ်ဘူး"

ဒီတစ်ကြိမ်တွင်တော့ အဆန်းသည် ထားမေ၏ မျက်ဝန်းများအား စူးစိုက်ကာ ကြည့်လိုက်လေသည်။

"အဆန်းကို အခုလို ကျီစယ်တာမျိုးကို သဘောမကျဘူး ထားမေ၊ နောက်အခါများကျရင် ထားမေက ပိုပြီးဆင်ခြင်ပေးရင် ကောင်းမယ်"

အဆန်းသည် မျက်နှာထား တည်တည်၊ လေသံ ခပ်တင်းတင်းဖြင့် ပြောလိုက်မိပါ၏။

ထားမေ၏ စိတ်ထဲတွင် အံ့ဩဝမ်းနည်းခြင်းဟူသည်ကို တပြိုင်နက်တည်း ခံစားလိုက်ရလေသည်။ အံ့ဩရခြင်းမှာ အဆန်းက ကိုကို့ကို ချစ်နေတာ မဟုတ်ဘူးတဲ့လေ။ ဒါဆို သူ တစ်ချိန်လုံး မှားယွင်းနေခဲ့တာပေါ့။

ဝမ်းနည်းရခြင်းကတော့ အဆန်းက ထားမေကို စိတ်ဆိုးသွားသတဲ့လေ။ အဆန်းက သူ့အား စကားမပြောတော့ဘဲနေမည်ကိုတော့ ထားမေ လုံးဝ မလိုချင်ပါ။ တွေးရင်းဖြင့် ငိုချင်လာသည်။ ရင်ဘတ်၌ ရှိုက်၍ ရှိုက်၍ လာ၏။ မျက်ရည်များ ထိန်းမရ သိမ်းမရ ကျလာကြ၏။ ထားမေသည် မျက်ရည်များအား အဆန်းမမြင်စေရန် အမြန်သုတ်သည်။ ဝမ်းနည်းမှုသိပ်သည်းဆက မြင့်တက်လာပြန်သည်။ မျက်ရည်များက ပြန်ကျလာပြန်သည်။ ထားမေသည် ဆက်မသွားတော့ဘဲ ရပ်ပစ်လိုက်သည်။ အဆန်း ပြန်လှည့်မလာလျှင် သူ အဆန်းကို တစ်သက်လုံး စကားမပြောတော့ဘဲ နေပစ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now