Part - 43

1.3K 89 53
                                    

>> Unicode <<
~~~~~~~~~~~~

အတိတ်တွေက အိပ်မက်ဆိုးတွေအဖြစ်ခြောက်လှန့်တဲ့အခါ ဝေဆာလန့်နိုးလာသည်။ သူ့ဘေးမှာ သားဖြစ်သူကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲ။ သားရဲ့တစ်ဖက်ဘေးက မူပိုင့်ကိုလှမ်းကြည့်တော့မှ ဝေဆာ အိပ်ချင်စိတ်တွေပါပျောက်ကာ ငေါက်ခနဲထထိုင်မိသည်။

မူပိုင်ဘယ်ရောက်သွားတာလဲ..။

ညကစကားတွေပြောရင်း သူတို့အတူတူအိပ်ပျော်သွားကြသည်။ အခု သူနိုးလာတော့ သားဘေးမှာမူပိုင့်ကိုမတွေ့တော့ပေ။ ဘာကြောင့်ရယ်မသိ။ ဝေဆာ့စိတ်ထဲလေးပင်လာပြီး နေလို့မကောင်းတော့။ အိပ်ရာကထလာပြီး ရေချိုးခန်းထဲဝင်ကြည့်လည်း မူပိုင့်ကိုမတွေ့။

" မူပိုင် "

ဝေဆာ အခန်းထဲကပါထွက်လာပြီး မူပိုင့်ကိုရှာနေမိသည်။ ဝမ်းနည်းစိတ်ကြောင့် ရင်ထဲမှာလည်းဆို့လာ၏။ ပြေလည်နေပြီးမှ မူပိုင်က သူ့ကိုနှုတ်မဆက်ဘဲထွက်သွားလေသလား။

" မူပိုင် "

" ကျွန်တော်ဒီမှာ ! "

တစ်ယောက်တည်းပျာယာခတ်နေချိန် ကြားလိုက်ရတဲ့အသံက မီးဖိုခန်းမှလာသည်။ အသံလာရာကိုရောက်သွားတော့မှ မီးဖိုနားမှာ လွမ်းမူပိုင်ဆိုတဲ့အဆိုးဆာလေးကိုတွေ့လိုက်ရလေသည်။ ထိုအခါမှ ဝေဆာ သက်ပြင်းချကာ စိတ်လျှော့နိုင်၏။

" မနက်စာထမင်းကြော်နေတာလေ ၊ မျက်နှာသစ်ပြီးလာမြည်းကြည့်ပါလား "

ဝေဆာ မူပိုင့်အနားကိုလျှောက်သွားပြီး အနောက်ကနေ ခါးလေးကိုဖက်ထားလိုက်၏။ ရုတ်တရက်ဆန်တဲ့သူ့အပြုမူကြောင့် မူပိုင်လည်းကြောင်သွားပေမဲ့ ငြိမ်ငြိမ်လေးသာနေရင်း နှုတ်ခမ်းပါးလေးကပြုံး‌လို့နေသည်။

" မပြောမဆိုနဲ့ ပျောက်မသွားပါနဲ့လား မူပိုင် "

" ကျွန်တော်ဘယ်မှမသွားပါဘူး၊ မနက်စာပြင်ပေးတာလေ၊ မျက်နှာသွားသစ်လို့.. အတူတူစားမယ် "

မူပိုင့်စကားကို ဝေဆာကနားမထောင်။ ခါးပေါ်ကလက်တွေပိုတင်းသွားပြီး မူပိုင့်ပုခုံးပေါ် မေးတင်ပြီးတောင်မှီထားလိုက်သေး၏။ လည်ပင်းသားဖွေးဖွေးလေးကိုကြည့်ပြီး ရွှတ်ခနဲမြည်အောင်နမ်းပစ်လိုက်တော့ မူပိုင်လှည့်ကြည့်လာသည်။

မောင့်မူပိုင် ( Completed )Where stories live. Discover now