Part - 42

1.4K 97 48
                                    

>> Unicode <<
~~~~~~~~~~~~

" မူပိုင် မင်းကလေးကိုလာခေါ်တာမလား "

" ဟမ် "

နားမလည်သလိုပြန်ကြည့်နေတဲ့ မူပိုင့်ရဲ့လက်ထဲက သားကို ဝေဆာလှမ်းချီလိုက်သည်။ ဒေါသစိတ်ကြောင့် အစွမ်းကုန်မျက်မှောင်ကုတ်ထားတဲ့ဝေဆာ့ရဲ့အကြည့်တွေကခက်ထန်နေကာ လေသံကမာနေ၏။

" မင်းရောက်လာတာ ကလေးကိုခေါ်ဖို့မလား ! ငါ့ကိုအချိုသတ်ပြီးတော့ ငါ့သားကို မင်းခေါ်သွားတော့မှာလေ ဟုတ်တယ်မလား မူပိုင် ! "

" ဘာကိုလဲ ခင်ဗျားဘာတွေပြောနေတာလဲ၊ ကျွန်တော်က ကလေးကိုဘယ်ကိုခေါ်သွားရမှာလဲ ပေး "

သားကိုပြန်ချီဖို့ လှမ်းလာတဲ့မူပိုင့်လက်တွေကို ဝေဆာပုတ်ထုတ်လိုက်၏။ ထိုအခါ မူပိုင်လည်း မျက်လုံးအဝိုင်းသားနှင့်ကြောင်အ,ကာ ပြန်ကြည့်နေသည်။ ရုတ်တရက်ကြီးပြောင်းလဲသွားတဲ့ဝေဆာက မူပိုင်တစ်ခါမှမမြင်တွေ့ဖူးသည့်ပုံစံမျိုး။

" ဘာဖြစ်‌လို့လဲ၊ ခင်ဗျားကို ဘယ်သူက ဘာပြောလိုက်လို့လဲ ဟင် "

" မင်းအမေဖုန်းဆက်တာလေ၊ ကလေးကို မင်းနဲ့ထည့်ပေးလိုက်တဲ့.. အဲ့ဒီလောက်လွယ်တယ်ထင်နေလား၊ မင်းလည်း အဲ့လိုထင်လို့ရောက်လာတာဆိုရင် ပြန်လိုက်တာကောင်းမယ် မူပိုင်၊ ကိုယ့်သားကို ဘယ်သူ့လက်ထဲမှမထည့်နိုင်ဘူး ! "

အခုမှ အကြောင်းစုံနားလည်သွားတဲ့မူပိုင့်မှာ ပြန်ပြောစရာစကားတွေမဲ့သွား၏။ ဝေဆာစိတ်လျှော့ကာ သားကိုခေါ်ပြီး လှည့်ထွက်သွားသည်။ သားကို ထင်ရှားလက်ထဲထည့်ဖို့တောင် သူစိတ်မချတော့။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သူမယုံကြည်နိုင်တော့ပေ။

စိတ်တိုနေ၍ အသက်ရှူသံတွေမြန်ကာ တည်တင်းနေတဲ့ဝေဆာ့မျက်နှာကို သားကသေချာကြည့်ပြီး ငြိမ်ငြိမ်လေးနေနေ၏။ အိမ်ထဲအထိရောက်လာမှ သားကို ဆိုဖာပေါ်ချပေးပြီး သားလက်ထဲကမုန့်ထုပ်လေးယူကာ ဖောက်ပေးရင်း..

" သားဆော့ချင်ရင် အိမ်ထဲမှာပဲဆော့နော်၊ ဖေဖေရှိတယ် "

မုန့်ထုပ်ယူပြီး သူ့ကစားစရာတွေရှိရာကို သားထထွက်သွားမှ ဝေဆာ လေးပင်စွာသက်ပြင်းချမိသည်။ ဘာကြောင့်များ သားကိုပါ သူ့ဘဝထဲကခေါ်ထုတ်သွားချင်ကြတာလဲဆိုတာ နားမလည်နိုင်တော့။ ဒီသားလေးကိုတော့ ဘယ်နည်းနှင့်မှ အဆုံးရှုံးခံမှာမဟုတ်။ သားနှင့်သူ့ကို ခွဲမဲ့သူဟာ မူပိုင်ဖြစ်နေရင်တောင် ဝေဆာသည်းခံနေမှာမဟုတ်ပေ။

မောင့်မူပိုင် ( Completed )Where stories live. Discover now