Part 23 (U/Z)

597 21 9
                                    

ကိုကိုလေးနှင့် မိုင်ပေါင်းများစွာ ဝေးကွာသော တောင်ပေါ်မြို့ငယ်လေးတစ်မြို့တွင် ကျွန်တော် အားလုံးနှင့် အဆက်အသွယ်ဖြတ်ကာ တိတ်တဆိတ် နေထိုင်လျက်ရှိသည်။ ဤမြို့လေးတွင် ကျွန်တော့်ကို မော်ကွန်းတေးဟု ဘယ်သူမှမသိ။ ကျွန်တော် ဘာတွေ တွေ့ကြုံခဲ့ရသလဲ ဘယ်သူမှမသိ။ ကျွန်တော့်ကို ဘယ်သူမှအရေးစိုက်မနေ ... ။

တူညီသော နေ့များ၏ ဖြစ်ပျက်နေကျအတိုင်း မနက် ၉ နာရီထိုးလျှင် ကျွန်တော် အလုပ်သို့သွားမည်။ အလုပ်တွင် အရာရာကို မေ့လျော့ကာ စက်ရုပ်တစ်ရပ်ကဲ့သို့ လှုပ်ရှားသွားလာနေလိမ့်မည်။ ညနေ ၅ နာရီတွင် အိမ်သို့ပြန်လာမည်။ ကျွန်တော့်ကို ဆီးကြိုပေးမည့်သူအဖြစ် ကျွန်တော် တယုတယ မွေးထားသော ကြောင်ဝါလေးက အိမ်တံခါးဝတွင် ရှိနေလိမ့်မည်။ ကျွန်တော်က ကြောင်ဝါလေးကို ကောက်ယူပွေ့ချီလျက် (တခါတရံမှာ နမ်းရှုံ့ရင်း) အလုပ်တွင် ဘယ်လောက်ပင်ပန်းကြောင်းတွေ ပြောမည်။ ဒီလိုပါပဲ။ ဒီလိုနဲ့ပဲ နှစ်တွေ ကုန်ဆုံးလာခဲ့တာ အခုဆိုရင် ၇ နှစ်တောင် ကြာမြင့်ခဲ့ပေပြီ။

အိမ်က ထွက်လာစဥ်က ကျွန်တော့်မှာ အိမ်ပြေးတစ်ယောက် ကြုံတွေ့နေကျအတိုင်း နေစရာ၊ စားစရာ ဘာတစ်ခုမှ အဆင်မပြေအောင် ဖြစ်ခဲ့၏။ ပထမ စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအဖြစ် ရှင်သန်ရင်း ဆိုင်မှပေးသော အဆောင်တွင် နေခဲ့ရသည်။ သို့သော် ကြာရှည်အဆင်မပြေ။ အလုပ်ရှင်၏ ကြိမ်းမောင်းမှုတစ်ခုနှင့်အတူ အလုပ်ထွက်ခဲ့ရသည်။ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်ရတုန်းကလည်း အကြီးတွေ၏ အနိုင်ကျင့်မှုနှင့် ပက်ပင်းတိုးရပြန်၏။ ဆုတ်ဖြဲပစ်ချင်ခဲ့သော ဘဝစာမျက်နှာများ ဖြစ်ခဲ့သည်။ ဒီပင်ပန်းမှုတွေကို ဘယ်သူမှမသိ။ ဘယ်သူမှ ကျွန်တော့်အနားမှာမရှိ။ ချောင်တွင်ကပ်ရင်း တစ်ယောက်တည်း ငိုကျွေးမိခဲ့သည့် ညပေါင်းများစွာ။ ၁၈ နှစ်သားတစ်ယောက်အတွက် ဒုက္ခဆိုသည်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လိုက်ရသော အခိုက်အတန့်များ။

ကူရာကယ်ရာမဲ့သော ဘဝတွင် အလင်းတစ်စကို ရှာဖွေတွေ့ရှိလိုက်သည်မှာ ကျွန်တော့်အတွက် မျှော်လင့်မထားသော တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ ကျွန်တော် ဟိုတယ်တစ်ခုတွင် အလုပ်လုပ်နေစဥ်က တွေ့ခဲ့မိသော ဦးလေးကြီးတစ်ယောက်၏ ကျေးဇူးဖြင့် ကျွန်တော် အစီအစဉ်တင်ဆက်သူဆိုသည့်နေရာကို ရရှိခဲ့သည်။ အဲ့ဒီအလုပ်ထဲရောက်သွားတော့လည်း ယောင်လည်လည်ပါပဲ။ နောက်တော့ စီနီယာတွေ၏ သင်ပြမှုနှင့်အတူ သတင်းကြေညာသည့်နေရာတစ်ခုကို ရရှိခဲ့သည်။ ထိုမှတစ်ဆင့် အသက်အရွယ်၊ ရုပ်ရည်နှင့် လိုက်ဖက်သည့်နေရာသို့ ပြောင်းရွှေ့ပေးမည်ဟုဆိုကာ K Pop သီချင်းတွေ တင်ဆက်သည့် နေရာသို့ ပြောင်းပေးခဲ့သည်။

ကြယ်ပြာလေးသို့ တီးတိုးပြောသံOnde as histórias ganham vida. Descobre agora