Part 17 (U/Z)

507 28 5
                                    

[၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်]

မိုးဖွဲလေးများ မှန်ပြတင်းသို့ လာရောက်ရိုက်ခတ်သည်ကို မှုန်ရီဝိုးတဝါးအလင်းရောင်ဖြင့် မြင်နေရသည်။ နာရီကို ခေါင်းထောင်၍ ကြည့်မိတော့ ၄ နာရီခွဲစပဲ ရှိသေး၏။ ကျွန်တော် သည်အချိန်ထိ ဘယ်လိုမှ အိပ်မပျော်။ ကုတင်ပေါ်ကို လှမ်းကြည့်မိတော့ ကိုကိုလေးက ဒူးလေးကွေးကာ နှုတ်ခမ်းနှစ်လွှာ ပွင့်ဟလျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ ကျွန်တော် နေရာမှ ထ,ကာ ကိုကိုလေးထံ လျှောက်သွားလိုက်ပြီး ဒူးအောက်ဘက်ကျနေသောစောင်ကို ကိုယ်ပေါ်သို့ ဆွဲခြုံပေးလိုက်သည်။ ကိုကိုလေးက အင်း အဲ နဲ့လုပ်ကာ တစ်ဖက်သို့ လှည့်သွား၏။

စိတ်စောစွာဖြင့် နာရီကို နောက်ထပ်တစ်ကြိမ် ​လှမ်းကြည့်မိတော့ ၅ နာရီ ထိုးဖို့ ဆယ်မိနစ်သာ လိုတော့သည်။ သည်အချိန်လောက်ဆိုလျှင် ရလောက်ပြီမလား။ သည်ကနေ့မနက် ကိုကိုလေးတို့ ဆယ်တန်းအောင်စာရင်းတွေ ထွက်မည်။ ကာယကံရှင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေနိုင်သော်လည်း ကျွန်တော်ကတော့ ညကတည်းက စိတ်လှုပ်ရှားကာ ဘယ်လိုမှ အိပ်မပျော်။ အောင်စာရင်း ထွက်ထွက်ချင်း သွားကြည့်ချင်သည်။ သည်ကြားထဲ မိုးက တစ်မှောက်။ တဖွဲဖွဲ တသည်းသည်းနဲ့ မစဲနိုင်အောင်ရှိရာက အခုထိ ဘယ်လိုမှ မတိတ်နိုင်။

မတတ်နိုင်ဘူး။ မိုးကာဝတ်ပြီး သွားကြည့်ရမှာပဲ။ ကျွန်တော် အဝတ်ဗီရိုကို ဆွဲဖွင့်လိုက်ပြီး မိုးကာအင်္ကျီတစ်ထည်ကို ထုတ်လိုက်သည်။ ကိုယ်ပေါ်တွင် အကျအန ဝတ်ဆင်လိုက်ပြီး ဓာတ်မီးတစ်လက်ယူကာ အခန်းထဲမှ ထွက်လာခဲ့တော့သည်။

လမ်းရောက်မှ တစ်ယောက်တည်းပါလားဟူသောအသိကရုတ်တရက်ဝင်ရောက်လာပြီး ကျောချမ်းလာ၏။ပတ်ဝန်းကျင်မှာခွေးတစ်ကောင်ကြောင်တစ်မြှီးတောင်ရှိတာမဟုတ်။ ခြေလှမ်းတွေကို ခပ်သွက်သွက် လျှောက်ရင်း ကျောင်းနားသို့ ရောက်လာခဲ့သည်။ ကျောင်းသို့ရောက်မှ လူ စုစုဝေးဝေးကို မြင်လိုက်ရပြီး အားတက်သွားသလို။ ကျွန်တော် မိုးကာအင်္ကျီခေါင်းစွပ်ကို ချွပ်ကာ လူအုပ်ကြားထဲ ဝင်တိုးတော့တာပါပဲ။ ကိုကိုလေးနာမည်က ဘယ်နားလေးမှာလဲ။ စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်လိုက်ရှာရင်း နောက်ဆုံးမှ မင်းသိဒ္ဓိမောင်ဟူသော နာမည်ကို ရှာတွေ့သည်။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now