အိမ်ရှေ့က ဇီဇဝါပင်လေးပေါ်သို့ လရောင်သည် တောက်ပရွှန်းမြစွာဖြင့် ခပ်လဲ့လဲ့လေး ဖြာကျနေသည်။ အပူရှိန်ငွေ့ငွေ့ဖြင့် နွေည၏ ရာသီဥတုကတော့ အိုက်စက်စက်နှင့် ချွေးပင် ပြန်ချင်နေသည်။ တစ်ခါတစ်ရံမှ လေပြည်ကလေး ခပ်ညက်ညက် တိုက်ခတ်တတ်ပြီး တိုက်ခတ်သည့်လေကလည်း အပူရှိန်ကို လျော့ပါးစေရန် မစွမ်းသာပါပေ။
နွေရာသီဆိုတော့ ဖုန်ကလည်းထူလှသည်။ နေ့ခင်းက ရေဖျန်းထားသဖြင့် မြေပြင်က ညက်သိပ်နေခဲ့ပေမဲ့ ခဏအတွင်းမှာပဲ အပူရှိန်ကြောင့် ပုံမှန်အတိုင်း ဖုန်တထောင်းထောင်းနဲ့ ပြန်ဖြစ်လာတာ။ လမ်းမီးဝါဝါလေး ခပ်ပြေပြေလင်းနေသော ခုံတန်းလေးပေါ်တွင် Sketch book ကို ပေါင်ပေါ်တင်၍ ခဲတံကို ကိုက်ကာ အတွေးများနေသော ကျွန်တော်။
"ဟိတ်... ခဲတံကြီးကိုက်ပြီး ဘာတွေစဥ်းစားနေတာလဲ"
ကိုကိုလေး၏ အသံကြားမှ ကျွန်တော် အနည်းငယ် လန့်သွားပြီး ပါးစပ်မှခဲတံကို ဖြုတ်မိသည်။ ကိုကိုလေးက ကျွန်တော့်ဘေးတွင် ဝင်ထိုင်၏။
"ကိုလေး... မနက်ဖြန် ပြန်သွားရမှာမလား"
"အင်း... "
"အဲ့မှာ နေရတာတော့ အဆင်ပြေတယ်မလား"
"မပြေဘူး၊ စာတွေ လှိမ့်သင်တာကွ"
ကျွန်တော် ကိုကိုလေးကိုကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်ရင်း...
"ကိုကိုလေး နည်းနည်း ပိန်သွားတယ်၊ မျက်နှာက ချောင်ကျသွားတာ"
"ဟုတ်ပါ့၊ ဒါနဲ့ မင်းတို့ရော ကျောင်းတွေ ဘယ်တော့ဖွင့်မှာလဲ"
"နောက်တစ်ပတ်ထဲ"
"မင်းလည်း ၈ တန်းဆိုတော့ အစိုးရစစ်ပဲ၊ အိမ်မှာ ငါ မရှိတော့ မင်းကို စာသေချာ ပြမပေးနိုင်တော့ဘူး"
"စိတ်ချပါ၊ ကျွန်တော်တစ်ယောက်တည်း အလုပ်မရှိတော့ စာပဲ လုပ်ဖြစ်နေတာ"
ကိုကိုလေးက ခုံတန်းလေးပေါ် လက်တင်လိုက်ပြီး ကျောမှီလိုက်သည်။ မီးရောင် တစ်စွန်းတစ်စက ပါးပြင်ပေါ်သို့ ဖြာကျနေသဖြင့် ပါးပြင်မှာ ဝါကျင်ကျင် အရောင်လေးလွှမ်းနေသည်။ အသေအချာ ကြည့်တော့မှ မီးရောင်တွင် ခပ်ရေးရေးလေးပေါ်နေသော နှုတ်ခမ်းမွှေးစစ ကလေးများကို မြင်ရသည်။ ကိုကိုလေးက ခံစားမှုမရှိသော မျက်လုံးသေများဖြင့် မည်းမှောင်သော ကောင်းကင်ကြီးကို စိုက်ကြည့်နေသည်။
YOU ARE READING
ကြယ်ပြာလေးသို့ တီးတိုးပြောသံ
Romanceမော်ကွန်းတေးဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ချစ်ခြင်းတရား...။