Part 12 (U/Z)

531 27 3
                                    

"သားမော်ကွန်း"

မနက် ၆ နာရီ...။ ကျွန်တော် အိပ်ယာမှ နိုးခါစအချိန်တွင် အောက်ထပ်ဆီမှ ဆရာကြီး၏ အသံထွက်ပေါ်လာ၍ ကျွန်တော် အိပ်ယာပေါ်မှ ကုန်းရုန်း ထ,လိုက်သည်။ ကိုကိုလေးကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ...။ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းသား အကြား အနည်းငယ်ပွင့်ဟပုံကို ခဏတာ သတိလက်လွတ် ငေးမောနေမိသေးသည်။ ဆရာကြီးက နောက်တစ်ကြိမ် ထပ်ခေါ်တော့မှ ကျွန်တော် ပျာပျာသလဲဖြင့် အောက်ထပ်သို့ ပြေးဆင်းလာခဲ့၏။

အောက်ထပ်ရောက်တော့ ဆရာကြီးက တယ်လီဖုန်းကို နားမှာကပ်ပြီး ကျွန်တော့်ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရသည်။

"လာ... မင်း ဒေါ်လေးရယ်တဲ့၊ ဒီအိမ်ရောက်နေတယ်ကြားလို့ ဖုန်းလှမ်းဆက်တာတဲ့"

ကျွန်တော် ဆရာကြီးထံမှ တယ်လီဖုန်းကို လက်ကမ်းယူလိုက်ပြီး စကားပြောခွက်ကို နားမှာ ကပ်လိုက်သည်။

"ဟဲလို... သားလေး၊ မော်ကွန်း၊ မင်းအဖေ ဆေးရုံရောက်နေတယ်"

ငိုသံစွက်ကာ ပြောလိုက်သော ဒေါ်လေး၏ စကားသံကြောင့် ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ ဒေါ်လေးအသံတွေက စိတ်လှုပ်ရှားမှုပေါင်းကာ တစ်ခါ တစ်ခါ တိုးဝင်သွားသည်။

"ဘ... ဘယ်လိုဖြစ်တာလဲ ဒေါ်လေးရာ"

ဒေါ်လေးက အင့်ခနဲ တစ်ချက် ရှိုက်ငင်လိုက်ပြီး...

"သွေးတိုးပြီး မူးလဲတာတဲ့ သားရေ၊ ဒေါ်လေးလည်း အဲ့ဒီအချိန်တုန်းက မရှိလိုက်ဘူး၊ ဆေးရုံရောက်နေတယ်ဆိုမှ သိရတာ"

ကျွန်တော် ရုတ်တရက် ထူပူလာသည်။ ဖေဖေ ဘာမှ မဖြစ်ပါစေနဲ့။

"သား ဆေးရုံကို အခုလိုက်ခဲ့ပါနော်၊ ဒေါ်လေး တစ်ယောက်တည်း ကြောက်တယ်"

"ဘယ်ဆေးရုံလဲ ဒေါ်လေး"

စကားပြောခွက်ကို ကိုင်ထားသော ကျွန်တော့်လက်တွေ မသိမသာ တုန်ယင်နေပြီး ဒေါ်လေးပြောသော ဆေးရုံလိပ်စာကို အသေအချာ မှတ်လိုက်သည်။ အဲ့ဒီဆေးရုံဆိုရင် သိပ်မဝေးလှပါ။ ကျွန်တော် ဆရာကြီးကို လိုက်ပို့ဖို့ အကူအညီတောင်းရမှာပဲ။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now