"ကိုသိဒ္ဓိမောင် ... ဘာလာလုပ်တာလဲ"
စားပွဲပေါ်တွင် ခေါင်းမှောက် အိပ်နေရာမှ ကြားလိုက်ရသော အသံကြောင့် ခေါင်းကို တစ်ပတ်လည်ထောင်၍ ကြည့်မိသည်။ အိပ်ချင်မူးတူးဖြစ်နေသော စိတ်ကလေးပင် အနည်းငယ် လွင့်စင်သွားသလို။
မြင့်မားသော အရပ်။ လည်တိုင် သွယ်သွယ်နှင့် မီးခိုးရောင်လက်လက် မျက်လုံးများ ... ။ ကျွန်တော် တိတ်တဆိတ်ပင် စားပွဲပေါ်သို့ မေးတင်လျက် ငေးနေမိသည်။ သူ့မျက်လုံးတွေက ကျွန်တော့်ထံမှာ ရှိမနေပါ။ ကျွန်တော့်ကို ခုထိမမြင်သေးဘူး။
"ဟို ... ဒီအတန်းထဲမှာ မြသွေးနွယ်ရဲ့ မောင်လေး ရှိတယ်ဆို"
ရုတ်တရက် ကျွန်တော့်ခေါင်း အနည်းငယ် မတ်သွားပြီး နှုတ်ခမ်းကို တင်းခနဲ စေ့ပစ်လိုက်မိသည်။ ကျွန်တော့်ဆီလာတာလား ... ။
"ဪ ... မော်ကွန်းကို ပြောတာလား ... ရှိတယ်လေ"
"ဟုတ်လား ... ဘယ်မှာလဲ"
"ဟိုမှာ ... "
မီးခိုးရောင် မျက်လုံးများ၏ အကြည့်က ကျွန်တော့်ထံသို့ တန်းခနဲ ကျရောက်လာတော့သည်။ ကျွန်တော့် တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားသလို။
"ဪ ... ချာတိတ်လား"
သူ့ နှုတ်မှ ခပ်တိုးတိုး ရေရွတ်လိုက်သံ။
သူက ကျွန်တော့်အနားသို့ ခပ်သွက်သွက် လျှောက်လာပြီး ကျွန်တော့်အနားတွင် ဝင်ထိုင်သည်။ ကျွန်တော်တို့ ကျောင်းရှိ ထိုင်ခုံများမှာ တစ်ယောက်ထိုင် ကော်ခုံကလေးများသာ ဖြစ်သဖြင့် သူ ထိုင်လိုက်သည့်နေရာက ကျွန်တော့်၏ ဘေးမှခုံကလေးတွင် ဖြစ်သည်။
"ချာတိတ်"
"ဗျာ ... "
"ဒဏ်ရာက သက်သာရဲ့လား"
"အင်း ... "
အလုံပိတ် အခန်းတစ်ခုထဲသို့ ရောက်နေသလို မွန်းကျပ်သော ခံစားချက်ကြီး။ ကျွန်တော့် လက်ဖျား ခြေဖျားများ အေးစက်လာသဖြင့် သူ မမြင်အောင် ခုံအောက်တွင် ဖွက်ကာ ပွတ်တိုက်နေမိသည်။
"ကိုယ့်နာမည်က မင်းသဒ္ဓိမောင်"
"ဟုတ်"
"ချာတိတ် နာမည်ကရော ... "
![](https://img.wattpad.com/cover/354537519-288-k813719.jpg)
YOU ARE READING
ကြယ်ပြာလေးသို့ တီးတိုးပြောသံ
Romanceကြယ်ပြာအိပ်မက် မိုးထက်ပျံချီ လွမ်းရောင်ထွန်းပ စိတ္တဇ ... ။