Part 4 (U/Z)

629 39 26
                                    

"ခဏစောင့်ပေးပါဦးဗျာ ... ဒီညနေ ရစေမယ်လို့ အာမခံပါတယ်၊ ကျွန်တော်လည်း ဒီဘက်မှာ ငွေတွေက မရေတာ့ အခက်အခဲလေး ဖြစ်နေလို့ ... အာ ဟုတ်ကဲ့ပါဗျာ၊ ဟုတ်ကဲ့ပါ"

ပန်းရင့်ရောင်တောက်တောက် လှပကြွရွစွာဖြင့် အဆုပ်လိုက် အဆုပ်လိုက် ပွင့်နေသော စက္ကူပန်းရုံအောက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဖေဖေ့အသံကို ကြားရ၏။ ကျွန်တော် စက်ဘီးလက်ကိုင်ကို ခပ်တင်းတတင်း ဆုပ်ကိုင်လိုက်မိသည်။ ဒါ့ကြောင့် အိမ်ကို ပြန်မလာချင်တာ ... ။ ကျွန်တော် ခေါင်းကိုငုံ့ရင်း စက်ဘီးကိုတွန်းလာခဲ့ကာ ခြံထောင့်တစ်နေရာ၌ ဒေါက်ထောက်ထားခဲ့လိုက်သည်။

ကျွန်တော့်၏ မိထွေးလည်းဖြစ် အဒေါ်လည်းဖြစ်သူက ပန်းကန်ဆေးနေရာမှ ကျွန်တော့်ကို မြင်တော့ အံ့သြတကြီး ရေရွတ်သည်။

"ဟယ်တော့ ... မော်ကွန်း အိမ်ကို အစောကြီး ပြန်လာတယ်"

ကျွန်တော် ဘာမှပြန်မပြောတော့ဘဲ ကျွန်တော့်အခန်းထဲသို့သာ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။ ကျွန်တော့် ကိုယ့်ကိုယ်ကို လုံခြုံသည်ဟု ခံစားရသည်မှာ ဤတစ်နေရာသာ ရှိသည်လေ ... ။ ထို့ကြောင့် အိမ်မှာဆိုလျှင် ကျွန်တော်က အပြင်သို့ မထွက်ဘဲ အခန်းထဲတွင်သာ ကုပ်နေလေ့ရှိသည်။ ဖေဖေတို့က နည်းနည်းလေးမှ မကြိုက်။ အင်း ... တကယ်တော့ သူတို့ ကျွန်တော့်ကို ကြိုက်တာလည်း ဘာတစ်ခုမှ မရှိပါဘူးလေ ... ။

ကျွန်တော် ကျောပိုးအိတ်ကို စာကြည့်စားပွဲပေါ်သို့ ဘုတ်ခနဲ ပစ်ချပြီး လူက အိပ်ယာပေါ်တွင် ပလက်လှန်လှဲလိုက်သည်။ မကြားချင်ဘူးဆိုမှ ဖေဖေ့အသံ တစ်ပိုင်းတစ်စကို ကြားနေရသေးသည်။

"ကျုပ်ကိုလည်း ဒီဘက်မှာ တောင်းနေကြပြီဗျ၊ ခင်ဗျား နေ့ရွှေ့ညရွှေ့လုပ်နေတာ တော်တော်များပြီ၊ ကလေး ကစားနေတာ မဟုတ်ဘူးဗျ၊ အလုပ်လုပ်နေတာ ... ချိန်ထားတဲ့ရက်ကို အတိအကျ ပေးနိုင်ရမှာပေါ့"

ဖေဖေ့အသံက ဒေါသဖြင့် ကျယ်လောင်နေသည်။ ကျွန်တော် အိပ်ရာပေါ်မှ ထ,၍ အခန်းတံခါးကို ချက်ချလိုက်သည်။ ထို့နောက် စာကြည့်စားပွဲတွင် ထိုင်လိုက်ပြီး အနားတွင်ရှိနေသော ကြိုးနားကြပ်ကလေးကို နားမှာ ကောက်တပ်လိုက်သည်။ မကြားချင်ဘူး ... ဘယ်လို စကားသံတွေကိုမှ မကြားချင်ဘူး။ ကျွန်တော် တွေ့ကရာ သီချင်းတစ်ပုဒ်ကို ကောက်၍ ဖွင့်မိသည်။ နားစည်တွင် ကျယ်လောင်စွာ ရိုက်ခတ်လာသော သီချင်းသံကို နားထောင်ရင်း စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ကောက်လှန်လိုက်သည်။ စိတ်မဝင်စားလှသော်လည်း စာအုပ်ထဲတွင်သာ ကြိုးစားစိတ်နှစ်ရင်း နာရီပေါင်းများစွာ လွန်မြောက်အောင် ကြိုးစားနေမိသည်။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now