Part 11 (U/Z)

1.1K 57 5
                                    

လေအဝှေ့တွင် မိုးရေစက်များ လွင့်ခနဲ လွင့်ခနဲ လွင့်စင်ကျနေသည်။ ပထမတော့ အားအင်မပါလှသော်လည်း နောက်တော့ မှောင်ရီလာသည်အထိ သည်းပက်လာ၏။ နိုဝင်ဘာတွင် ရွာသည့်မိုးဖြစ်၍ ဆောင်း၏ အအေးဓာတ်နှင့်ပေါင်းကာ စိမ့်နေအောင် အေးတော့သည်။

ကျွန်တော်သည် ကော်ရစ်တာတွင် ရပ်နေရင်း စိတ်တွေ ဆောက်တည်ရာမရအောင် ပျံလွင့်နေသည်။ လက်ထဲမှ Report Card အဖြူလေးက ကျိန်စာတစ်ခုလို... ။ သင်္ချာဘာသာရပ်နေရာ၏ အောက်မှအကွက်တွင် ထင်းနေသော မင်နီရောင် D ဆိုသည့် စကားလုံးက ကျွန်တော့်ကို ခြောက်ခြားစေသည်။ ကျွန်တော် ဒီကဒ်နဲ့ အိမ်ကို ဘယ်လိုပြန်ရပါ့မလဲ။ အရင်တစ်ခါကလို ကိုယ့်ဟာကိုယ် လက်မှတ်ထိုးပြီး ပေးလိုက်လျှင်လည်း အဆင်မပြေနိုင်ပါ။ ဖေဖေသိသွားသည့်အခါကျမှ ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုဆိုးလိမ့်မည်။ စာမေးပွဲကျတယ်ဆိုတာ ပေါ့သေးသေးကိစ္စမှ မဟုတ်ဘဲ။ ကျွန်တော် စိတ်ရှုပ်ရှုပ်ဖြင့် ကဒ်ကို ကျောပိုးအိတ်ထဲသို့ ထိုးထည့်ပြီး ဇစ်ပိတ်ထားလိုက်သည်။

"မော်ကွန်း... "

အနောက်ဘက်ဆီမှ အသံထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်တော့ ခွန်စိုင်းနှင့် အုပ်စိုး။

"မင်း အိမ်မပြန်ချင်ရင် ငါတို့အိမ် လိုက်ခဲ့လေ"

အုပ်စိုးက မျက်နှာငယ်လေးဖြင့် ပြောလာသော်လည်း ကျွန်တော် ခေါင်းခါယမ်းပြလိုက်သည်။ ကျွန်တော် မလိုက်ချင်ပါ။ အုပ်စိုးတို့အိမ် တစ်နှက်နှစ်ရက် သွားနေလိုက်လို့လည်း ပြီးသွားမည့်ကိစ္စမှ မဟုတ်ဘဲ။ တစ်ချိန်ကျလျှင်တော့ ဖေဖေသိသွားပြီး ပြဿနာက ကျွန်တော့်နောက်ကို လိုက်လာမှာပဲလေ။ ကျွန်တော် စိတ်ထွေထွေဖြင့် မိုးရေစက်များကိုသာ ငေးနေလိုက်သည်။

"မင်း ဘယ်အချိန်မှ ပြန်မှာလဲ၊ ငါတို့ မင်းနဲ့အတူ နေပေးမယ်"

ပခုံးပေါ်သို့ ကျရောက်လာသော လက်တစ်ဖက်နှင့်အတူ အုပ်စိုး၏ စကားသံ။

"မင်းတို့ ပြန်ကြတော့... ငါ တစ်ယောက်တည်း နေချင်တယ်"

အုပ်စိုးက ကျွန်တော့်ပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် "အေးပါ"ဟု ပြောသည်။ ထို့နောက် သူတို့နှစ်ယောက် ကျွန်တော့်ကို ကျောခိုင်းထားခဲ့ကြပြီး ကျောင်းကော်ရစ်တာမှ ထွက်ခွာသွားကြ၏။

ကြယ်ပြာလေးသို့ တီးတိုးပြောသံWhere stories live. Discover now