အခန်း(၇) အရမ်းကြောက်တတ်မယ့်ပုံစံလေး

Start from the beginning
                                    

ချင်းချွမ် ဒီကလေးမကို စိတ်မဝင်စားပါ။ သူမက မိစ္ဆာမလေးပဲ ဖြစ်ဖြစ်၊ မင်းသမီးလေးပဲ ဖြစ်ဖြစ် သူ့အတွက် အရေးမကြီးပေ။ သူမက သူထမ်းဆောင်ဖို့လိုအပ်သည့် တာဝန်လေး တစ်ခုသာ ဖြစ်သည်။

ကျမ့်ယိလင်၏ အရင်လ လပတ်စာမေးပွဲ
မေးခွန်းလွှာကို ချင်းချွမ် ထုတ်ကြည့်လိုက်သည်။

ကျမ့်ယိလင်က အထက်တန်း စတက်ခါစ ဖြစ်သည်။ သူမရဲ့ ပထမ လပတ်စာမေးပွဲ ရလဒ်များက အတော်လေး စုတ်ချာလွန်းပါသည်။

တရုတ်၊ သင်္ချာ၊ အင်္ဂလိလပ်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံ၊ သမိုင်း စသည့်ဘာသာရပ်များအနက် ၆ ဘာသာကို ကျပြီး ကျန် ၃ ဘာသာကို အဆင့်နိမ့်နိမ့်ဖြင့် အောင်ခဲ့သည်။

သူမရဲ့ ပညာရေး အခြေအနေကို ကြမ္မာငင်နေသည်ဟုပင် ဆိုနိုင်ပါသည်။

ချင်းချွမ်က မေးခွန်းလွှာပေါ်က မေးခွန်း အမှားများကို ကျမ့်ယိလင်အား ပြန်ပြင်‌ဖြေ ခိုင်းလိုက်ပါသည်။

"သမီးဖာသာသမီး အရင်ပြင်လိုက်မယ်။ အမှားတွေ့မှ သမီးကို ဆရာပြန်ပြပေးလေ" ကျမ့်ယိလင်က ချင်းချွမ်နဲ့ မပတ်သတ်မိအောင် အကောင်းဆုံး ရှောင်ရှားရင်း ပြောလိုက်ပါသည်။

ကျမ့်ယိလင်က လူတွေနဲ့ စကားပြောဆိုဆက်ဆံရတာကို အသားမကျသေးသဖြင့် သာမန်လူတွေထက် စကားပြောနှေးနေပါသည်။

ကျမ့်ယိလင်က ဒီလိုလုပ်ဖို့ အားသန်နေတာကို မြင်သောအခါ သူမကို တခြားနည်းလမ်းနဲ့ အတင်းမလုပ်ခိုင်းတော့ပေ။ သူမဘေးက ဆိုဖာပေါ်မှာ ထိုင်နေလိုက်ပြီး ကျမ့်ယိလင် မေးခွန်းတွေ ဖြေဆိုပြီးချိန်အထိ စောင့်နေလိုက်ပါသည်။

မေးခွန်းလွှာအောက်က နေရာအား ချင်းချွမ် အာရုံစိုက်မနေတာကို အခွင့်ကောင်းယူပြီး ကျမ့်ယိလင် ဖုန်းထုတ်ကာ စာစတင် ရိုက်လိုက်ပါသည်။

ချင်းချွမ်သာ သူမနားကို အခု လျှောက်လာခဲ့လျှင် ကျမ့်ယိလင် ရိုက်နေသည့် စာလုံးများ အားလုံးက အင်္ဂလိပ်စာလုံးတွေချည်းပဲ ဆိုတာကို မြင်ရပါလိမ့်မည်။

ခေတ္တကြာသောအခါ ကျမ့်ယိလင် အမှားပြင်နေတာ အခြေအနေဘယ်လိုရှိသလဲဆိုတာကို စစ်ဆေးဖို့ ချင်းချွမ်ရောက်လာခဲ့သည်။

ချင်းချွမ်ရောက်လာတော့ ကျမ့်ယိလင်က ဖုန်းကို ဖွက်လိုက်ပြီး ပုစ္ဆာကိုအာရုံစိုက်နေသယောင် ဟန်ဆောင်လိုက်ပါသည်။

ချင်းချွမ်က ကျမ့်ယိလင် ဖြေဆိုနေသည့် မေးခွန်းကို လှမ်းကြည့်လိုက်သည်။

ကျမ့်ယိလင် မေးခွန်းတစ်ခုသာ အမှန်ပြင်ရသေးသော်လည်း လုပ်ထားတာ မှန်ကန်ပါသည်။

သူမရဲ့ အဖြေရှာလုပ်ငန်းစဉ်ကလည်း ပြဿနာ မရှိပါ။

သို့သော် အနည်းငယ် နှေးနေသဖြင့်  ကျမ့်ယိလင် အဖြေတွေကို ပြန်ပြင်နေတုန်း မေးခွန်းများအား ရှင်းပြဖို့ ချင်းချွမ် ဆုံးဖြတ်လိုက်သည်။

ချင်းချွမ် ချဉ်းကပ်လာသောအခါ ကျမ့်ယိလင်က မေးခွန်းလွှာအောက်က ဖုန်းကို သူမ ပေါင်ပေါ် လှစ်ခနဲ လှမ်းရွှေ့လိုက်ပါသည်။

ချင်းချွမ်က ကျမ့်ယိလင်ရဲ့ ဖုန်းကို မမြင်ခဲ့ပါ။ သူမ ကျုံ့ကျုံ့လေးဖြစ်နေတာကိုသာ မြင်ပါသည်။

သူ့ပုံစံက အရမ်းကြောက်တတ်မယ့် ပုံစံလေးပါလား။

ချင်းချွမ်လည်း အများကြီးတွေးမနေဘဲ ကျမ့်ယိလင်အား မေးခွန်းတစ်ခု စတင်ရှင်းပြလိုက်ပါသည်။

ချင်းချွမ် ရှင်းပြသွားတာ အလွန်ကောင်းပါသည်။ ရှုပ်ထွေးသည့် အကြောင်းအရာ တစ်ခုကို နားလည်ရလွယ်အောင် ရိုးရှင်းသည့် စကားလုံးများအဖြစ် ရှင်းပြနိုင်စွမ်း ရှိသည်။ အဓိက အချက်များကို ပြောပြသောအခါ ချင်းချွမ်က ကျမ့်ယိလင်ထံမှ ဘောပင်နဲ့ စာရွက်တစ်ရွက်ကို ယူပြီး သူမ နောက်ပိုင်း ပြန်နွှေးရလွယ်ကူအောင် ရေးချပေးထားလိုက်ပါသည်။

သူဘောပင်နဲ့ စာရွက်ကို ကိုင်ထားစဉ် ချင်းချွမ် မတော်တဆ ကျမ့်ယိလင်၏ လက်ကလေးများကို သွားထိမိသည်။ ကျမ့်ယိလင်က ချက်ချင်းပဲ ရှောင်လိုက်ပါသည်။

သူမရဲ့ တုန့်ပြန်ပုံက ကြောက်ရွံ့နေသည့် ယုန်ပေါက်လေး တစ်ကောင်နဲ့ တူသွားသည်။

ထိုအချိန်တွင် ကလေးမလေးတစ်ယောက်ကို အနိုင်ကျင့်မိသွားပြီဟုတောင် ချင်းချွမ် ခံစားလိုက်ရပါသည်။

သို့သော်လည်း ကျမ့်ယိလင် ဒီလိုတုန့်ပြန်ရတာက သူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံရမှာကို ကြောက်တာကြောင့် ဖြစ်သည်။ အထူးသဖြင့် ထိုသူစိမ်းက ချင်းချွမ်ဖြစ်နေသည့်အခါတွင် ပိုဆိုးသည်။ ဒီလို တုန့်ပြန်ချက်က သူမအတွက် မသိစိတ်ထဲမှ အလိုလျောက်တုန့်ပြန်ချက် တစ်ခုလိုပင်။

... ... ...

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now