"အိမ်အိမ်း အိမ်အိမ်း!"
ငိုနေရင်းတန်းလန်းနဲ့မေ့လဲသွားတဲ့အိမ်အိမ်းကြောင့် သူမပြာပြာသလဲဖြစ်သွားကာဘာလုပ်ရမလဲမသိတော့ပေ။ နောက်ဆုံးတော့ သူမ သင်္ကေတဆီပဲ ဖုန်းခေါ်ပြီးပြောပြရ၏။ သင်္ကေတက စိတ်အေးအေးထားဖို့ပြောပြီး အခန်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ထားဖို့ပြောသည်။ ငိုလွန်းလို့ပင်ပန်းသွားပြီး သလစ်သွားတာလို့ဆိုသည်။ ဘာမှမဖြစ်ပဲ သူမကိုစိတ်အေးအေးထားပြီး အနားမှာနေပေးဖို့မှာသည်။ နောက်ဆုံးတော့ သူမအိမ်အိမ်းမျက်နှာမှာရွှဲနေတဲ့ မျက်ရည်တွေကိုပြောင်စင်အောင်သုတ်ပေးပြီး ဆံပင်တွေကိုသပ်ပေးလိုက်သည်။ aircon ကိုအအေးတင်ကာ ရေခဲသေတ္တာထဲက ရေခဲတုံးကိုထုတ်ယူပြီး အိမ်အိမ်းမျက်လုံးနဲ့ မျက်နှာတဝိုက်ကိုလိုက်ကပ်ပေးရ၏။
"အိမ်အိမ်းရယ် အိမ်အိမ်းမှာဒီလိုမျိုးအခိုက်အတန့်တွေရှိတယ်တဲ့လား"
ဘယ်သူဖုန်းဆက်လည်း သူတို့အလုပ်ကလူတွေတစ်ယောက်မှမသိကြပေ။ အိမ်အိမ်း မူးမလဲခင် လက်ထဲကဖုန်းကလွတ်ကျသွားတယ်လို့လဲဆိုသည်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်အိမ်းကိုဒီလိုလုပ်တဲ့သူကို သူမခွင့်လွှတ်မှာမဟုတ်။ အိမ်အိမ်းက ဘာတွေမှားနေလို့လဲ။ သူမသိသလောက် အိမ်အိမ်းကစေတနာကောင်းတဲ့ကောင်လေး။ ဘယ်သူ့အပေါ်ကိုမဆို အနွံတာခံပြီး စေတနာကောင်းတဲ့ ကောင်လေး။ ခဏလေးနဲ့ခင်မင်သွားတဲ့သူမတောင် အိမ်အိမ်းကိုချစ်ရတာ။
ဟင်း...
သူ့မျက်လုံးတွေပွင့်လာတော့သည်။ အစ်ကိုနဲ့ပတ်သက်ပြီးအိပ်မက်မက်တယ်။ အစ်ကိုကသူ့ကိုရယ်ပြနေတယ်။ သူက ငိုပြီးအစ်ကို့ကိုလှမ်းဆွဲတော့ အစ်ကိုကသူ့လက်ခုံလေးကိုပုတ်ပြီး ပြုံးပြနေတယ်။ အစ်ကို့ထွက်မသွားပါနဲ့လို့တားနေပေမယ့် အစ်ကိုက ပြုံးပြကြည့်နေတယ်။
"အိမ်အိမ်း! နိုးလာပြီ"
အပြင်ကနေအခန်းထဲပြန်ဝင်လာတဲ့သူမ ငုတ်တုတ်ထိုင်နေတဲ့အိမ်အိမ်းကိုမြင်တော့ လက်ထဲယူလာမိတဲ့ ရေခဲထုတ်ကိုလွှတ်ပစ်မိတော့မလို့။ သူမ ဘေးကိုဝင်ထိုင်ပြီး မျက်နှာမှာကပ်နေတဲ့ဆံပင်လေးတွေကိုဖယ်ပေးကာ နောက်ကိုပို့ပေးတော့ သူမကိုလိုက်ကြည့်နေတဲ့ အိမ်အိမ်း။
Part 13
Start from the beginning
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)