U+Z
လူရည်လည်သွားပြီဖြစ်တဲ့သူက အခုတော့ ဘယ်နေရာကိုသွားချင်ရင် ဘယ်ကားစီးရမလဲကျွမ်းကျွမ်းကျင်ကျင်သိသလို အလုပ်လည်းရနေပြီဖြစ်သည်။ အလုပ်ကတော့ ယောက်ျားလေးဆံပင်ညှပ်ဆိုင်မှာ အကူဖြစ်ပြီး ဆိုင်ကတော်တော်ကြီးသည်။ အပြင်အဆင်လည်းသဘောကျဖို့ကောင်းသည်။ အပြင်အဆင်ကောင်းသလို ခေါင်းလျှော်ဆံပင်ညှပ်ရင်လည်း တော်တော်ပေးရ၏။ သူတို့ဆိုင်မှာ ယောက်ျားလေး၊ မိန်းကလေး waxing လုပ်တာရော၊ ပေါင်းတင်တာရော အားလုံးရသည်။ မိန်းကလေးဆိုလည်း လက်သည်းနီဆိုး၊ မျက်ခုံးမွှေးတက်တူးထိုး၊ ဂျိုင်း waxing လုပ်၊ ဆံပင်နဲ့ပတ်သက်တာတော့ ဘာလုပ်လုပ်ရသည်။ ယောက်ျားလေးအများစုကတော့ မျက်ခုံးလုပ်တယ်၊ မျက်နှာပေါင်းတင်တယ်၊ ဂျိုင်း waxing လုပ်တယ်၊ ဆံပင်လုပ်တယ်။ မိန်းကလေးတွေကတော့ နှုတ်ခမ်းပုံဖော်တာရယ်၊ လက်သည်းနီဆိုးတာရယ်ပိုသွားတာပေါ့။ သူကတော့ ဟိုဟာယူပေးဒီဟာယူပေး အကူပေါ့။ ဒါပေမယ့် လုပ်ရတာအဆင်ပြေတယ်ပြောရမယ်။ လူတွေဘာတွေလုပ်တတ်လဲ၊ ဘယ်လိုဆိုသဘောကျလဲ သိရပြီးသူ့ကိုအမြင်ကျယ်စေသည်။ တောက်တိုမယ်ရလုပ်ရတယ်ဆိုပေမယ့် ဒီရောက်မှသူ့အတွက်သင်ယူစရာတွေအများကြီးဆိုတာကိုနားလည်လိုက်သည်။ ဒီကြားထဲမှာ သူဖုန်းတောင်အသစ်ပြောင်းလိုက်ပြီဖြစ်ပြီး ဖုန်းကဒ်လေးကတော့အရင်ကအတိုင်းမပြောင်းမလဲဖြစ်သည်။ အစ်ကိုများဖုန်းပြန်တပ်ပြီး ဆက်မယ်ဆိုရင်ဒီဖုန်းလေးကသူ့အတွက်မရှိမဖြစ်။ ဒီလိုမျှော်လင့်နေပေမယ့် အစ်ကို့အပေါ်မှာအရင်လိုမှီခိုချင်စိတ်တော့မရှိတော့ပေ။ အစ်ကိုကသူ့ကိုအရင်လိုမချစ်တော့ဘူးဆိုရင်တောင် သူနေနိုင်နေပြီလားမသိပေ။ ဒီရောက်တာ နှစ်ဝက်လောက်ရှိနေပြီဖြစ်ပြီး အစ်ကိုနဲ့တစ်ခါလေးမှ အဆက်အသွယ်မရသလို သူ့ဘဝကိုလည်း သူကျောင်းနိုင်နေပြီဖြစ်သည်။
"ဝင်္ကပါ"
"ဟုတ်ကဲ့"
"customer မရှိတုန်း ဆံပင်တွေသိမ်းလိုက်ပါအုန်း"
လူပါးတော့ ညှပ်ပြီးအောက်ကျလာတဲ့ဆံပင်တွေကို သူလိုက်သိမ်းရသည်။ တစ်ခါတလေ သူ့ကိုဧည့်သည်ခေါင်းကိုင်ခိုင်းတာရှိသည်။ ခေါင်းလျှော်တာကိုတော့ သူကောင်းကောင်းမွန်မွန် လုပ်တတ်နေပြီဖြစ်ပြီး ဆံပင်ညှပ်တော့မကျွမ်းကျင်သေးပေ။ သူအမှားလုပ်မိမှာဆိုးတာကြောင့် ဆံပင်ညှပ်တဲ့အပိုင်းကိုတော့ သူမထိတွေ့ရသေးပဲ အကူအနေနဲ့ဘေးကနေကြည့်လိုက် ဟိုဟာယူပေးဒီဟာယူပေးလိုက် လုပ်ရတာပဲရှိသည်။
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)