ဒေါ်မေမိုးစံကတော့ သမီးယစ်မူးလေးကိုသနားနေရတာပဲသိသည်။ သူတို့အသိုင်းအဝိုင်းမှာ သားကြီးသော်ဝေကို သမီးယစ်မူးလေးနဲ့စေ့စပ်ပေးဖို့ သတင်းကပြန့်နေတာဖြစ်ပြီး ဒီလိုရုတ်တရက်ဖြစ်သွားတဲ့ကိစ္စကြောင့် သမီးယစ်မူးလေးဂုဏ်သိက္ခာကျသွားမှာတွေ မဖြစ်စေချင်။ သမီးယစ်မူးတို့မိသားစုက သူမတို့မိဘ၊ ဘိုးဘွားတွေလက်ထက်ထဲကအတူတူလက်တွဲလုပ်လာတဲ့ လုပ်ငန်းရှင်တွေဖြစ်သလို အရာအားလုံးအတွင်းသိအဆင်းသိလေးဖြစ်ပြီး သားရှင်တွေအားလုံးလိုချင်တဲ့ကလေးဖြစ်သည်။ သားနဲ့ကိစ္စကို သမီးလေးတို့ဘက်က ဖွင့်ဟပြောလာတုန်းကသားကိုတောင်မတိုင်ပင်ပဲ သူမသဘောတူခဲ့တာ။ သားနဲ့စေ့စပ်ပြီးလက်ထပ်ပေးဖို့တစ်ခါထဲ သဘောတူပေးခဲ့တာ။ သားကိုလည်းသူမစကားနားထောင်မယ် ထင်ခဲ့ပြီးလုပ်ခဲ့တာဖြစ်ပြီး တစ်ဖက်နဲ့လည်းဝေးရာကိုရောက်အောင်ရည်ရွယ်ခဲ့တာလည်းပါသည်။ ဒါကိုသားက အပြင်ကကြားလာပြီးတစ်ဖက်လူဆီသွားဖို့လုပ်ရင်း ဒီလိုဖြစ်ခဲ့တာ။ တစ်ဖက်က ဘာတွေနဲ့ဆွဲဆောင်နေလဲမှမသိတာ။ သူမစကားတောင်နားမဝင်တော့တဲ့သားကို တစ်ဖက်က ဘယ်လိုတွေမြှူဆွယ်ခဲ့လဲ။ သူမဆိုရွံလွန်းလို့။ ယောက်ျားလေးတန်မဲ့သားဖြစ်သူကို သူ့ဘက်ကိုပါအောင် ဘာတွေများကျွေးခဲ့လဲမှမသိတာ။

"သမီးလေးစိတ်မပူနဲ့နော် သမီးလေးဂုဏ်သိက္ခာမကျစေရပါဘူး"

"အန်တီ ဖြည်းဖြည်းချင်သွားလို့ရပါတယ်၊ အခုမှ ပူပူနွေးနွေးဖြစ်ထားတဲ့ကိစ္စတွေရှိသေးတယ်မလား"

နောက်ထပ်လောလော လောလောနဲ့သူမထပ်မဖြစ်ချင်။ အညွှန်းကိန်းကိုစိတ်ဝင်စားတာမှန်ပေမယ့် သူကဘယ်လိုပုံစံလည်းဆိုတာသူမ မသိသေးသလို စကားပြောဖူးချင်းလည်းမရှိသေးတာကြောင့် နည်းနည်းတော့စောင့်ကြည့်ချင်သည်။ ဘာမှန်းညာမှန်းမသိရပဲတော့ သူမဘဝကိုပုံမပေးချင်ပေ။ စကားပြောရင်းနှီးမှုရယူပြီး အကဲခက်ကြည့်ချင်သည်။

အညွှန်းကိန်းကတော့အိပ်အပေါ်ထပ်ဝရန်တာကနေရှေ့တည့်တည့်ကိုကြည့်နေပေမယ့် မာမီနဲ့စကားပြောနေတဲ့အမျိုးသမီးကတစ်ခါတစ်လေ သူ့ဘက်ကိုလှည့်ကြည့်တာကို သူမကြည့်ပေမယ့်မြင်နေရသည်။ အရမ်းမကြီးသေးတဲ့ အစ်ကို့အရွယ်အမျိုးသမီးက မာမီနဲ့ဘယ်လိုပတ်သက်နေလဲ။ ဘာဖြစ်လို့စကားပြောရင်း သူ့ဘက်ကိုလှည့်လှည့်ကြည့်နေတာလဲ။ အခုလောလောဆယ်တော့ သူဘဝကတဆစ်ချိုးပြောင်းသွားတော့သည်။ အလေလိုက်နေတဲ့သူ့လိုလူက အစ်ကို့နေရာကိုအစိမ်းသက်သက်ဝင်ရောက်သွားရသည်။ ဟိုဘက်မှာလွတ်လပ်သလောက် ဒီဘက်မှာတော့ စိတ်ကျဉ်းကြပ်ဖို့ကောင်း၏။ အစ်ကို့တုန်းကဘယ်လိုလည်းမသိပေမယ့် အစည်းအဝေးခန်းထဲမှာသူ့ကိုကြည့်တဲ့မျက်လုံးတစ်ချို့ကိုသူမကြိုက်ပေ။ မြန်မာနိုင်ငံရဲ့အမြင်နဲ့ဆို သူ့ပုံစံကိုသူတို့အားလုံးက ရိုင်းတယ်လို့သတ်မှတ်မှာလား။ လက်မနဲ့လက်ညှိုးက ညှပ်ကိုင်ထားတဲ့ဆေးလိပ်ကိုရှိုက်သောက်လိုက်ရင်း အငွေ့တွေကိုမှုတ်ထုတ်လိုက်သည်။ သူတို့အမြင်ရိုင်းတာယဉ်တာ သူလိုက်ကြည့်နေမှာမဟုတ်ဘူး။ မာမီတစ်ယောက်ထဲဖြစ်တော့လို့ သူဒီမှာနေဖို့ဆုံးဖြတ်လိုက်တာ။ မာမီ့ကိုငဲ့လို့ သူမာမီဖြစ်စေချင်တဲ့ ဆန္ဒအတိုင်းနေပေးဖို့ စဉ်းစားလိုက်တာ။ အစ်ကို့ကိုဆုံးရှုံးထားတဲ့ မာမီကစိတ်ဓါတ်ဘယ်လောက်ပဲမာမာ အစ်ကိုမရှိဘူးဆိုတဲ့အမှန်တရားကြောင့် တစ်ခါတလေငိုင်နေတာမျိုး၊ အစ်ကိုဓါတ်ပုံကြည့်ပြီး ဆွေးနေတာမျိုးကိုမြင်ရသလို တစ်ခါတလေအံ့ကြိတ်နေတာမျိုးကိုလည်းမြင်ရသည်။ သူကအစ်ကိုနဲ့မတူနိုင်ပေမယ့် မာမီကိုယ်တိုင်မွေးထားတဲ့သားဖြစ်တာကြောင့် မာမီဘေးမှာသူရှိသင့်သလို မာမီလည်းခံစားရနည်းနည်းသက်သာမယ်မဟုတ်လား။ ပတ်ဝန်းကျင်နဲ့အများအမြင်ကိုဂရုမစိုက်တဲ့သူက ရင်းနှီးမှုမရှိတဲ့ပတ်ဝန်းကျင်ကိုဖြတ်သန်းဖို့ တွန့်ဆုတ်နေမှာတော့မဟုတ်။

INDEX [Complete] U+ZWhere stories live. Discover now