အချိန်ကိုက်ပဲ ချန်ယောင်ကျုံးရဲ့ဓားသွားကလည်း ချန်မုယီရဲ့ ရင်ဘက်ဆီ စိုက်ဝင်သွားလေသည်။

ဇာတ်ညွှန်းအဆုံးမှာတော့ ကျင်းမင်းသားဟာ ချန်မုယီဆီကနေ သူ့ခမည်းတော် ရထားသည့် သတင်းအချက်‌အလက်တွေပေါ် မှီခိုပြီး ချင်းနိုင်ငံကို ခြေမှုန်း၍ ကျင်းနိုင်ငံအား အောင်မြင်မှုအပေါင်း သရဖူဆောင်း၍ အုပ်ချုပ်သွားလေသည်။ပွဲတော်အခမ်းအနားတွေရောက်တိုင်း တိုင်းသူပြည်သားတိုင်းက ဘုရင်အသစ်နှင့် ချန်ယောင်ကျုံးအား ချီးမွမ်းဩဘာသ ပေးကြကာ တိုင်းပြာ်နှင့်မိသားစုအပေါ်သစ္စာဖောက်သွားသည့် ချန်မုယီကိုတော့ ရက်ရက်စက်စက် ဆဲဆိုကျိန်ဆဲကြသည်။တစ်ဖက်မှာလည်း ချန်ယောင်ကျုံးတစ်ယောက် နေလည်ဘက် တစ်ရေးတစ်မော မှိန်းနေချိန် ချန်မုယီ ငယ်ငယ်က တစ်ယောက်တည်း သိုင်းလေးကျင့်နေသည့် မြင်ကွင်းများအား ပြန်အမှတ်ရလာ၏။

ထိုအချိန်တုန်းကဆို ငယ်ရွယ်လွန်းသည့် ချန်မုယီလေးဟာ သူ့ထက်ပင် ရှည်လျားလှသည့် ဓားကြီးကို ကိုင်ရင်း သံသယမျက်လုံးလေးများဖြင့် ဓားကို ငေးကြည့်နေလေသည်။

ချန်ယောင်ကျုံးက သူ့ကို သင်ပြပေး၏။

"ဒါက သားလက်နက်ပဲ။အနာဂတ်မှာ သားစစ်သူကြီးဖြစ်လာရင် ဒီလက်နက်ကို သုံးပြီး တိုင်းပြည်ကို ကာကွယ်ပေးရမယ်နော်"

ချန်မုယီပေါက်စလေးဟာ ထိုစကားတွေရဲ့ အဓိပ္ပါယ်ကို နားမလည်‌ပါသော်လည်း ဓားရှည်အား လက်မှာ မြဲမြဲမြံမြံဆုပ်ကိုင်၍ နာနာခံခံလေး ခေါင်းညိမ့်ပြလေသည်။

ချန်ယောင်ကျုံးက သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း မျက်လုံးထဲမှာတော့ နူးညံ့မှုတို့ပြည့်စွက်နေလျက်။

ဇာတ်ညွှန်းဖတ်ပြီးသည်အထိ ကျိချင်းကျိုးစိတ်ထဲ လွှမ်းမိုးနေဆဲ။ငယ်ငယ်က TV ကြည့်ရင် သူ့လူကိုယ့်ဘက်သား ဟန်ဆောင်ကြသည့် လျှို့ဝှက်လုပ်ဆောင်သူတိုင်း နောက်ဆုံးကျရင် ကိုယ့်ရာထူးကိုယ်ပြန်ရကြပြီး ဆုတံဆိပ်တွေ လက်ခံယူကြရ၏။ဒါပေမယ့် ......ဒါပေမယ့် တကယ်လို့များ လမ်းတစ်ဝက်မှာတင် ကံခေပြီး သူတို့သေသွားကြရင်ရော? ဒါမှမဟုတ် သူတို့ အထက်ပိုင်းစီစဉ်မှုတွေမှာ အမှတ်မထင်ကိစ္စတွေရှိလာခဲ့ရင်ရော? ဒါဆို သူတို့ တစ်ဘဝလုံး အထင်အမြင်သေးမှုတွေကြားမှာပဲ ထာဝရနေထိုင်သွားကြရမှာ မဟုတ်ဘူးလား?

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now