ချူချန်ကလည်း သူ့ကို ချုပ်ချယ်လိမ့်မည်မဟုတ်ပါ။ချူချန်နဲ့ ရှိတဲ့အချိန်မှသာ သူအမြဲတမ်း လွတ်လွတ်လပ်လပ်နဲ့ တဇွတ်ထိုးလုပ်တတ်သည့်ဉာဉ်လေးဝင်လာတတ်တာဖြစ်ပါသည်။

ချူချန်သည် အတော်ကြာထိ တစ်ချိန်လုံး သူစိတ်ဆိုးပြေအောင် ဖျောင်းဖျရင်း စကားခေါင်းစဉ်တွေ ထပ်ခါထပ်ခါပြောင်းကာ သူစိတ်ဝင်စားမဲ့အကြောင်းအရာလေးတွေအား ကျိချင်းကျိုး စိတ်ပျော်လာသည်အထိ ဖောင်ဖွဲ့ပြီးပြောပေးသည်။

အိမ်ပြန်‌ရောက်တဲ့အချိန်၌ ကျိချင်းကျိုးအား ရေအရင်သွားချိုးရန် ချူချန်က ပြောလာသည်။ကျိချင်းကျိုးက သူ့ရဲ့ ညအိပ်ဝတ်စုံလေးယူကာ ရေချိုးခန်းထဲဝင်သွားသည်။ နောက်ဆုံး ရေချိုးခန်းတံခါးပိတ်သွားသည်နှင့် လှမ်းကြည့်နေသောချူချန် မျက်နှာထက်မှ  ကြင်နာယုယမှုတွေလည်း တဖြည်းဖြည်း လွင့်ပျယ်သွား၏။သူ ဖုန်းထုတ်ကာ ရှန်းဝမ့်ရှီကို ဆက်လိုက်သည်။ကျိန်းသေပေါက် ရှန်းဝမ့်ရှီရဲ့ ဖုန်းနံပါတ်ကို သူသိတာပေါ့။ရှန်းဝမ့်ရှီတစ်ယောက် ကျိချင်းကျိုးအား ဖုန်းနံပါတ်ပေးတဲ့အချိန်က သူလှမ်းကြည့်လိုက်တာဖြစ်သည်။

သူက အရမ်းမှတ်ဉာဏ်ကောင်းသည်။အထူးသဖြင့် သူမှတ်မိချင်တဲ့ကိစ္စရပ်တွေမှာပေါ့။

နံပါတ်စိမ်းကြောင့် မကိုင်ဘဲထားပေမယ့် ဆက်တိုက်မြည်နေသော ဖုန်းကြောင့်ရှန်းဝမ့်ရှီ ကိုင်လိုက်ရသည်။

ချူချန်သည် ဖုန်းကိုင်ထားလျက် လေသာဆောင်ဆီ လျှောက်လာလိုက်သည် ။

“ငါပါ ချူချန်”

“မင်းက ဘာလို့ဖုန်းဆက်တာလဲ?”

ရှန်းဝမ့်ရှီက အဖြေထုတ်မရစွာမေးသည်။

“ငါတို့နှစ်ယောက်မှာ ပြောစရာမရှိဘူး”

“ငါတို့မှာ ပြောစရာရှိပါတယ်...”

ချူချန်က တည်ငြိမ်စွာ-

“ကျိချင်းကျိုး အကြောင်းဆိုရင်ပေါ့”

ရှန်းဝမ့်ရှီက အေးခဲသွား၏။

“စကားမပြောခင် မင်းနဲ့သူက ဘယ်လိုပတ်သတ်တာလဲ ငါ့ကို အရင်ပြော”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now