နဉ့်ကျီ လုကုအသေးလေး၏လက်နှင့် တံခါးကိုထပ်မံထုလိုက်သည်။

"ခဏလေးနော် ဆရာတံခါးဖွင့်ပေးမယ်" ဆရာသည် တံခါးကိုတွန်းဖွင့်ရာ တံခါးလက်ကိုင်မှာ ကြိုးတစ်ချောင်းဖြင့် ချည်‌နှောင်ခံထားရသည်ကို တွေ့လိုက်ရတော့သည်။ ကလေးမလေးပြောသည်မှာ အမှန်ဖြစ်မည့်ပုံပင်။ အခြားကလေးများသည် အပျော်လုပ်ကာ လုကုအား အထဲတွင် ပိတ်ထားခဲ့ကြသည်။

ဆရာသည် ကြိုးကိုအမြန်ဖြည်ကာ တံခါးကိုဖွင့်လိုက်သည်။ အခန်းကျဉ်းလေးထဲတွင် ငုတ်တုတ်လေးထိုင်နေသည့် လုကုအား သူ,မြင်လိုက်ရ၏။

ကလေးလေးမှာ အလွန်ကို သနားစရာကောင်းစွာ ခန္ဓာကိုယ်သေးသေးလေးနှင့် ကုပ်ကုပ်လေးထိုင်နေခဲ့ရှာသည်။

"မကြောက်နဲ့နော် ၊ ဆရာက အပြင်ကိုခေါ်သွားပေးမယ်" ဆရာသည် လုကုအားထရန် ကူညီပေးချင်သော်လည်း သူ လုကုအားမထိနိုင်ခင်မှာပင် လုကုအသေးလေးသည် သူ၏လက်အား ရှောင်သွားခဲ့သည်။

သူ၏အတန်းထဲက ဤကလေးလေးမှာ အော်တစ်ဇင်တစ်ယောက်ဖြစ်ကြောင်း ဆရာသည်သိသောကြောင့် ပြောလိုက်သည် "ဟုတ်ပြီ ဆရာ သားကိုမထိဘူးနော် ၊ ကိုယ့်ဘာသာ မတ်တတ်ရပ်ကြည့်ရအောင်"

နဉ့်ကျီ လုကုအသေးလေးအား အလျင်အမြန် ထရန်ကူညီပေးလိုက်ကာ ညင်သာစွာပြောလိုက်သည် "ဒီဆရာကြီးနဲ့ လိုက်သွားကြမယ်"

ဆရာသည် လုကု မတ်တတ်ရပ်လာသည်ကိုမြင်မှသာ တစ်ဖက်သို့လှည့်ကာ ထွက်ပေါက်သို့လျှောက်သွားလိုက်သည် "ဒီအကြောင်း ဆရာ သားတို့အတန်းပိုင်ကို ပြောပြလိုက်မယ်"

သူသည် ကာယဆရာတစ်ဦးသာဖြစ်သည်။ ဆိုးသွမ်းသည့်ကျောင်းသားများကို အပြစ်ပေးရန် လုပ်ပိုင်ခွင့်မရှိချေ။ သူတို့၏အတန်းပိုင်အား ပြောပြရုံသာတတ်နိုင်သည်။

အတန်းထဲသို့ပြန်ရောက်ပြီးနောက် လုကုအသေးလေးသည် နေရာတွင် ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။ သူ့တွင် မည်သည့်အမူအယာမှသိပ်မရှိ။ အခြားကလေးများဆိုလျှင် ငိုယိုအော်ဟစ်ကာ ယခုဖြစ်ပျက်ခဲ့သည်များကို ဆရာအား ပြောပြမည်မှာပင်။

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now