Part 4

10.4K 629 8
                                    

Unicode


ပါးပါးရင်ခွင်ထဲဝင်ခွေနေတဲ့ သားကိုကြည့်ကာ ထည်ဝါသက်ပြင်းချလိုက်သည်။ သား ဖျားချင်နေတာဖြစ်ပြီး ပါးပါးကိုလုံးဝမလွှတ်ပဲ ရင်ခွင်ထဲဝင်တိုးနေတာဖြစ်၏။ ပါးပါးက ဘာဆိုဘာမှမလုပ်ရပေ။ သူ့ကိုပဲ ဖက်ပြီးကိုယ်ပူလားမပူလား စမ်းနေရတာဖြစ်သည်။ ဒီအရွယ်ကြီး ဘယ်သူက ပါးပါးရင်ခွင်ထဲ ဝင်ခွေတာ ကြားဖူးလို့လဲ။ ကြီးကောင်ကြီးမားနဲ့ ချွဲနေတာ။ ဖျားချင်နေတာကိုအခွင့်ကောင်းယူပြီး သူ့ပါးပါးကို ချွဲနေတာ။ သူအဲ့လိုလုပ်နေလေ ထည်ဝါမှာ သားပါးပါးအနားကိုကပ်လို့မရလေ။ နေ့ရောညရော သားပါးပါးက သားအခန်းထဲမှာဖြစ်နေသည်။

“သား အခြေအနေ”

ထည်ဝါ သားအခန်းထဲဝင်ပြီး ပါးပါးကိုမေးလိုက်သည်။

“ကိုယ်ပူတော့မတက်ဘူး၊ နည်းနည်တော့ကျန်သေးတယ်”

“မင်းသားက ဖြစ်တာနည်းနည်း ချွဲတာများများဖြစ်နေတယ်”

“သား အကုန်ကြားတယ်နော် ဖေဖေ”

အသံဩဩကြီးနဲ့မျက်လုံးမှိတ်ထားတဲ့သားဆီက အသံထွက်လာတော့သည်။ ထည်ဝါ ရယ်လိုက်ပြီး ဘေးကိုဝင်ထိုင်လိုက်ကာ စောင်ပုံပေါ်ကနေ သားကိုဖက်လိုက်ပြီး

“ဖေဖေက စတာပါကွာ၊ ဒီအချွဲတုန်းကို ဖေဖေကစနေတာ ဟုတ်ပြီလား”

ပိုးသား မှာရင်ခွင်ထဲဝင်တိုးပြီးအိပ်နေတဲ့သားကြောင့် ခေါင်းလေးကိုပွတ်ပေးနေရသည်။ သားခေါင်းကအခုတော့ သူ့ပေါင်ပေါ်မှာဖြစ်ပြီး စောင်ပါးလေးခြုံပေးရသည်။ ရေချိုးတာကြာသွားလို့ ဖျားသွားတာ။ ဒီအရွယ်ကြီးကြမှ ဆူလည်းမဆူချင်တော့ပေ။ ရေချိုးရင်း ဘာတွေစဉ်းစားနေလဲမှမသိတာ။ အရွယ်လေးရောက်လာတာနဲ့ ရေပန်းအောက်ဝင်ပြီး ခေါင်းကိုနေ့တိုင်းရေထိခံနေတာ။ ပြောလိုက်ရင် ဆံပင်တိုတိုလေးလေ ပါးပါးကလည်း ဘာမှမဖြစ်ပါဘူးပဲ။ အခုတော့ ဖြစ်ပြီ။ ဖျားချင်နေတာကြောင့် သူမဆူပဲ နေလိုက်တာ။ နောက်နေ့များတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆူမှ၊ ပြောပြမှဖြစ်အုန်းမယ်။

“သား ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်ရအောင်နော်”

“ဆန်ပြုတ်မကြိုက်ဘူး”

“ဟေ့ကောင် မင်းကလေးလား ဘာကိုဆန်ပြုတ်မကြိုက်ဘူးလဲ၊ ထ သောက်ပြီး ဆေးသောက်ရမယ်”

ထည်ဝါကြားကဝင်ပြောလိုက်သည်။ သားငယ်ငယ်က ရေဆော့ပြီးဖျားသွားတုန်းကလည်း ဆန်ပြုတ်မကြိုက်တဲ့သားကို ထည်ဝါအလိုလိုက်ပြီး ထမင်းတွေကျွေးလို့ သားအန်ဖူးသေးတာကို ပြေးမြင်သွားသည်။ သားကိုချစ်တဲ့စိတ်နဲ့ နှစ်လို့မဖြစ်ပေ။ အဲ့တုန်းက သားနဲ့လိုက်ငိုတဲ့ ပါးပါး။ ပါးပါးဆီကို မျက်လုံးက ချက်ချင်းရောက်သွားသည်။

“ဘာကြည့်နေတာလဲ ကိုကို”

“အော် ငယ်ငယ်တုန်းက ဆန်ပြုတ်မကြိုက်တဲ့သးကို အလိုလိုက်ပြီး ထမင်းကျွေးမိတာကို သတိရသွားလို့လေ၊ သားအန်ပြီး ငိုတော့ ကလေးကပါ လိုက်ငိုတာကိုသတိရသွားလို့”
“သား အန်တာလား”

သူငယ်ငယ်တုန်းက အကြောင်းပြောရင် သားကသိပ်စိတ်ဝင်စားတာ။ သူ မမှတ်မိတဲ့အရွယ်တုန်းက အကြောင်းပြောရင် သဘောတကျနဲ့နားထောင်းတတ်သည်။ အခုလည်း မျက်လုံးဖွင့်ကြည့်လာပြီး မေးနေတာ။

“အင်း သားက အခုလိုပဲ ဆန်ပြုတ်မကြိုက်ဘူးဆိုပြီး ငိုတော့ ဖေဖေကအလိုလိုက်ပြီး ထမင်းကျွေးလိုက်တာလေ၊ ညရောက်တော့ ထမင်းတွေအစေ့လိုက် အန်ပါရော၊ သားအန်ပြီးငိုတော့ ပါးပါးကလည်း သားနဲ့အတူလိုက်ပြီး ရောငိုတော့တာ”

“ဟုတ်လား ပါးပါး”

“ဟုတ်တာပေါ့၊ လူဆိုးလေးနှစ်ယောက်က စကားကိုသိပ်နားထောင်တာ၊ မကျွေးနဲ့ဆိုလည်းမရဘူး”

“ပါးပါးကလည်း သား ဆန်ပြုတ်သောက်မယ်နော်”

“လိမ္မာလိုက်တာ၊ ဆန်ပြတ်ကဝါဝါလုပ်ပေးထားတာကို ပါးပါးသေချာမြည်ပေးထားတာ ကောင်းပါတယ်”

အဲ့ဒါပဲကြည့်။ သားက သူ့ပါးပါးဆို မျက်နှာအညှိုးကိုမခံ။ အင်းလေ ဒီပါးပါးက ကိုယ်တိုင်ကိုယ်ဝန်လွယ်ပြီး မွေးပေးထားတာကို။ ဒါကိုလည်း သားက နားလည်နေပြီ။ သူများတွေ မေမေရှိတယ်ဆိုတုန်းကလည်း သူများတွေက ဘာဖြစ်လို့ ပါးပါးမရှိတာလဲ ဆိုပြီး သိတတ်တဲ့အရွယ်ထဲက မေးခွန်းထုတ်သေးတာ။ သားမှာ ဘာဖြစ်လို့မေမေ မရှိတာလဲလို့ မေးတာမဟုတ်ပဲ သူများတွေမှာ ပါးပါးဘာဖြစ်လို့ မရှိတာလဲတဲ့လေ။ အဲ့တုန်းက ထည်ဝါ သားနဲ့စကားတွေအများကြီး ပြောပြီး သေချာရှင်းပြရသေးတာ။ အဲ့ထဲက သားက ပါးပါးကို စိတ်မကောင်းဖြစ်စေမယ့် ကိစ္စတို့၊ ပါးပါး စိတ်ညှိုးသွားစေမယ့် ကိစ္စတို့ဆိုရင် ရှောင်တော့တာ။ သူနဲ့တော့ အားလုံးတိုင်ပင်လေ့ရှိသည်။

“သားလေးရယ် ပါးပါးကို ချွဲတာလျော့ပါအုန်း”

အောက်မှာ ဆန်ပြုတ်သောက်နေတော့ ပါးပါးက ဘေးမှာထိုင်ပြီး တစ်ခုပြီးတစ်ခုလုပ်ပေးနေတာကိုကြည့်ကာ ဝါဝါက ပြောတော့သည်။

“ဘာတွေမနာလိုဖြစ်နေတာလဲ ဝါဝါ”

“မနာလိုကတော့ ဖြစ်တာမှ ပြောမနေနဲ့၊ ကျမကိုလည်း အဲ့လိုချစ်မယ့်သူ ရှိရင်ကောင်းမှာပဲ”

“နောက်ဘဝ ရှိပါစေပဲ ဆုတောင်း ဝါဝါ”

“သား အဲ့လိုမပြောရဘူးလေ”

“ပါးပါးကလည်း ဒီဘဝက မဖြစ်နိုင်တော့ဘူးလေ၊ ဝါဝါအသက်ကြီးနေပြီ ယူမယ့်သူမရှိတော့ဘူး”

ပိုးသား ဝါဝါ့ကိုအားနာသွားရသည်။ သားကဝါဝါ့ဆို အရမ်းနိုင်ရတာ။ ငယ်ငယ်ထဲက ဝါဝါက သားကိုထိန်းကျောင်းပြီး သားကိုအလိုလိုက်ထားတာကြောင့် သားက ဝါဝါ့ဆို သိပ်အနိုင်ကျင့်တာဖြစ်သည်။

“သားလေးနော် ဝါဝါက မယူချင်လို့ပါ၊ ဒီအနိုင်ကျင့်သားလေးဘေးမှာနေချင်လို့ပါနော်”

“ပြောတာပဲ၊ ဒီလိုပဲစကားကိုကြည့်ပြောရတာပေါ့၊ ပါးပါးတော်ပြီ”

“အင်း အပေါ်တက်နှင့် ပြီးရင်ဆေးသောက်ဖို့ ပါးပါးလာခဲ့မယ်နော်”

“ပါးပါးတစ်ခါထဲ လိုက်”

“ကဲပါ အစ်ကိုလေးရယ် အချွဲတုန်းနဲ့လိုက်သွားပါ၊ ဝါဝါ သိမ်းလိုက်ပါမယ်”

“ကျေးဇူး ဝါဝါ”

သားကတကယ်မရပေ။ ငယ်ငယ်တုန်းကလိုတော့ ဆေးသောက်ဖို့ကို အကြောက်အကန်မလုပ်တော့ပေ။ ဒါပေမယ့် ဆေးသောက်ခါနီးဆိုရင် ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလိုနဲ့ အချိန်တော်တော်ကြာမှသောက်သည်။

“သားလေး ဆေးသောက်ဖို့ စားထားတဲ့ ဆန်ပြုတ်က အစာကြေနေလာက်ပြီ”

“သား သောက်မှာ အခုပဲ သောက်မှာ”

အဲ့တော့မှ ဆေးလာသောက်သည်။

“ပါးပါး အိပ်မယ် ဖက်ထား”

ပိုးသား ရင်ခွင်ထဲဝင်လာတဲ့သားခေါင်းလေးကို ပိုက်ပြီးသားစောင်ထဲအတူ ခါးကနေဝင်ပြီး ခြုံထားရသည်။ ချွဲစိန်က ဖျားတဲ့တစ်လျှောက်လုံး အနားကမခွာပေ။ လာကြည့်တဲ့ မာမီနဲ့ဖွားဖွားတောင် သားကိုလက်လန်တယ်ဆိုပြီး ပြောသွားသေးတာဖြစ်သည်။

>>>>>>>>>>>>>>>>>>>

“တော်သေးတာပေါ့ ကလေး အခန်းထဲကိုပြန်ရောက်လာလို့”

“ကိုကိုကလည်း”

ဟုတ်တယ် သူဘယ်အချိန်အထိများ ဒီသားနဲ့ဒီပါးပါးက အတူအိပ်မလဲ စောင့်ကြည့်နေတာ။ အဖျားကြပြီး ရှင်းရှင်းကောင်းမှပဲ သူ့အခန်းထဲကို ကလေးက ပြန်ရောက်လာတော့တာ။ ထည်ဝါ “မြိုင်” ပရဟိတကျောင်း ပြန်ပြီးပြင်ဆင်ဖို့ရှိလို့ အလုပ်များနေတာဖြစ်ပြီး သားနဲ့သားပါးပါးကို သေချာတောင်သွားမကြည့်နိုင်။ သားကို ကိုယ်ပူကျလား၊ ဆေးသောက်လား၊ ပါးပါးရော ဘာစားပြီးပြီလဲ အဲ့လိုတွေပဲ သွားမေးနိုင်တာဖြစ်သည်။ အခုတော့ ကလေးက အခန်းထဲပြန်ရောက်လာတော့သည်။

“အဲ့ဒါတွေမလုပ်နဲ့ကွာ၊ နားနားနေနေ နေအုန်း”

ကလေးမရှိတုန်း လျော်ရမယ့်အဝတ်တွေက ပုံနေတာ။ အခန်းထဲကို ဘယ်သူ့မှအဝင်မခံတော့ လာသိမ်းမယ့်သူမရှိ။ အဝတ်တွေက လျော်ရမယ့် ခြင်းထဲမှာတော့ သေသေသပ်သပ်ရှိနေသည်။

“ကျွန်တော်မှ မပင်ပန်းပါ ကိုကိုကလည်း”

“ကိုကို့စကား တစ်ခါလောက်နားထောင်လို့မရဘူးလား”

“ကျွန်တော်မလျော်ဘူး ဝါဝါ့ကိုသွားပေးမှာ ဟုတ်ပြီလား”

ပိုးသား လျော်ရမယ့် အဝတ်တွေ ဝါဝါ့ကိုသွားပေးလိုက်ရသည်။ ဝါဝါ့ကိုပဲ ခိုင်းနေရတာ အားတောင်နာလာ၏။ အဝတ်တွေက အားစိုက်ရလျော်ရလောက်အောင် ချေးရှိတာတော့မဟုတ်။ မေမေကတော့ တစ်ရက်တစ်ရက် ဖွားဖွားတို့နဲ့မာမီတို့နဲ့ လူကြီးတွေ အချင်းချင်း ဝိုင်းဖွဲ့စကားပြောနေရင်း အေးအေးဆေးဆေးဖြတ်သန်းနေသည်။ မေမေ စိတ်လေးကြည်နူးပြီး ဒီလိုဘဝလေးကိုရနေရင် သူ ဖေဖေ့ကိုသတိသွားရသည်။ ဖေဖေ့အတွက်လည်း ကုသိုလ်ကောင်းမှုအမြဲတမ်းလုပ်ပေးနေဖြစ်သည်။ ဖေဖေ လူဝင်စားရင် သူတို့ထက်ပိုကောင်းတဲ့ မိသားစု၊ နွေးထွေးတဲ့ မိသားစုမှာ ဝင်စားဖို့ပေါ့။ ဖေဖေက မဆုံးခင် သူ့အတွက်တွေးပြီး အားလုံးလုပ်ပေးသွားတာ။ အဲ့ဒါကြောင့်လည်း ကိုကိုနဲ့ဝေးနေတုန်းက မကြောင့်မကျပဲ နေနိုင်တာမဟုတ်လား။

“ကိုကို ဘာကူပေးရမလဲ”

“ကိုကိုဘေးနားမှာထိုင်ပြီး ကိုကို့ကိုမှီနေရင် ရပြီ”

“ကိုကို အလုပ်လုပ်နေတာလေ”

“အလုပ်လုပ်နေလို့ အနွေးဓါတ်လေးလိုနေတာပေါ့ဗျာ”

“ကိုကို စကားတတ်တိုင်း၊ သားက ကိုကိုနဲ့မသွေမတိမ်းကိုတူတာ”

“အဟွန်း အဲ့လိုတူအောင် မင်းပဲ မွေးပေးထားတာမဟုတ်ဘူးလား”

“ဟုတ်တယ် အဟီး”

ကိုကိုအလုပ်လုပ်နေတဲ့ဘေးမှ ကိုကိုပုခုံပေါ်မေးလေးတင်ရင်း ကိုကို ဘာတွေလုပ်နေလဲ ကြည့်နေလိုက်သည်။ ကွန်ပြူတာနဲ့ အချက်အလက်တွေစစ်လိုက်၊ မေးလ်ပြန်လိုက်လုပ်နေတာကို ကြည့်ရင်း ပိုးသားအိပ်ငိုလိုက်လာတော့သည်။

ထည်ဝါ အလုပ်လုပ်နေရင်း အစကမေးစေ့လေးက ပုခုံးကိုလှုပ်လှုပ် လှုပ်လှုပ်နဲ့ထိုးနေတာဖြစ်ပြီး ခါးကိုလည်းနောက်ကနေ လက်နှစ်ဖက်နဲ့ ဖက်ပြီး ရှေ့မှာလက်ချောင်းချင်းယှက်ချိတ်ထားတာ။ မေးစေ့လေးက ငြိမ်သွားပြီး ခါးကိုဖက်ထားတဲ့ လက်ကလျော့သွားကာ အသက်ရှူသံ မှန်မှန်ထွက်လာတာကြောင့် ဘေးကိုစောင်းကြည့်လိုက်သည်။ မျက်တောင်လေးတွေက ပိတ်ကြနေပြီး အိပ်ပျော်နေတဲ့ ကလေး။ သားကို လိုက်လုပ်ပေးနေရတာနဲ့ ပင်ပန်းသွားပြီ။ သားကလည်း ပါးပါးကို ကပ်မှကပ်။ ဘယ်သူမှလုပ်ပေးလို့မရပဲ တစ်ခုခုဆို ပါးပါးပဲ အစအဆုံးလိုက်လုပ်ပေးရတာ။ အခုတော့ သူ့ကိုဖက်ထားတဲ့ကြားက ငုတ်တုတ်လေး အိပ်ပျော်နေတော့သည်။ ထည်ဝါ လက်စသတ်ကာ ကွန်ပြူတာပိတ်လိုက်ပြီး လက်ကိုနောက်ထုတ်ပြီး ကလေးကို ကျောကိုသိုင်းပွေ့လိုက်ရသည်။ အိပ်ရာပေါ်ချပြီး စောင်ခြုံပေးကာ သူပါဝင်လှဲလိုက်၏။ ခေါင်းအောက်လက်ထည့်ပြီး ပုခုံးကနေဆွဲလိုက်တာနဲ့ စောင်းပြီး သူ့ခါးကိုဖက်လာကာ ဆက်အိပ်တော့သည်။ ထည်ဝါ နဖူးလေးနမ်းလိုက်ကာ အလင်းရောင်မှိတ်လိုက်ပြီး ကလေးကိုဖက်ကာ အိပ်လိုက်တော့၏။

“ခံတွင်းတွေ့ရဲ့လားသား”

ထည်ဝါ အောက်ဆင်းလာတာနဲ့ကြားနေရတာဖြစ်သည်။ ညက သူ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးအိပ်နေတဲ့ပါးပါးက မနက်ဘယ်အချိန်ထသွားလဲ သူမသိလိုက်ပဲဖြစ်သွား၏။ သူအောက်ဆင်းတော့ သားကိုမေးနေတဲ့အသံက နားထဲဝင်လာသည်။

“အရသာ ရှိတယ်ပါးပါး”

“အင်းအင်း တန်ရုံပဲစားရမယ်နော်”

“ဟုတ်”

“ဘာတွေလဲ”

“ကိုကို နိုးလာပြီ”

“ဖေဖေ မောနင်း”

“မောနင်း နေကောင်းသွားတာသိသာတယ်၊ သားအသံကို မနက်ထဲက ကြားနေရပြီ”

“ဖေဖေကလည်း”

“ပါးပါးလုပ်ပေးထားတာလား”

“ဟုတ်တယ် ကော်ရည်ဖက်ထုတ်”

ထည်ဝါ ပိုးသားကိုကြည့်လိုက်သည်။ ပိုးသား ပြုံးကာ

“ဖက်ထုတ်က အသင့်ကိုကိုရဲ့၊ ဘာမှအပမ်းကြီးတာမဟုတ်ဘူး”

“အင်းပါ”

“ကိုကိုဖို့ထည့်ပေးမယ်နော်”

သူ့ကို နားနားနေနေ နေခိုင်းနေတာကို သူသားစားချင်တယ်ပြောတာကို သတိရပြီး ထလုပ်ပေးလိုက်တာဖြစ်သည်။ ဒါကို ကိုကိုက အစောကြီး ထသွားလို့ သူ့ကိုကြည့်လာတာ။ သူ ခပ်မြန်မြန်ပဲရှင်းပြပြီး ကိုကို့အတွက်ထည့်ပေးလိုက်သည်။ မေမေတို့နဲ့ဖွားဖွားအတွက်လည်း ခွဲပြီးသား။

“မင်း စားအုန်းလေ”

“ဟုတ်တယ် ပါးပါး သားအနားမှာလာစား”

“မင်း အဲ့ဒါတော့လွန်ပြီ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင် မင်းငါ့ယောက်ျားကိုပဲ အပိုင်စီးနေတာ”

“ကိုကို”

ကိုကိုက ကလေးနဲ့တုပြီးလိုက်ပြောနေသည်။ အဲ့လိုပြောစရာလား။ ကလေးပဲ သူ့ပါးပါး ကပ်မှာပေါ့။

“ပါးပါးကလည်း သားမှသား၊ သားကလဲ ပါးပါးမှပါးပါး ဆိုတော့ ဒီဖေဖေကဘေးထွက်နေတော့မယ်”

ထည်ဝါ အတည်ပေါက်ကြီးပြောလိုက်သည်။ တကယ်ကို ဒီဖေဖေက တစ်ပါတီ ဖြစ်နေတာ။

“ဖေဖေကလည်း သားကအချိန်တိုင်းကပ်နေလို့လား၊ မကပ်တော့ပါဘူး ဖေဖေရဲ့ပါးပါးကို မကပ်တော့ပါဘူးနော်”

“ကပ်ပါကပ်ပါ၊ မင်းပါးပါးပဲ ကပ်ပါ၊ ဖေဖေက ဒီအတိုင်းပြောတာ”

ထည်ဝါ ပြောလိုက်ပြီး သားခေါင်းလေးကိုသွားနမ်းလိုက်သည်။ ပိုးသား ကိုကိုနဲ့သားကို ကြည့်နေလိုက်သည်။ သားကတောင် သူ့ဖေဖေကိုပြန်လျော့ပေးနေရ၏။

“ပါးပါးလက်ရာ ကော်ရည်ဖက်ထုတ် စားလို့ကောင်းတယ် ဖေဖေအလုပ်သွားလိုက်အုန်းမယ်”

“ဟုတ်ဖေဖေ တာ့တာ”

ထည်ဝါ လုပ်ငန်းစုကိုထွက်ခဲ့လိုက်သည်။ ပြန်လည်ပြုပြင်ရေးကိစ္စတွေနဲ့ ပရောဂျက်အသစ်တွေနဲ့အလုပ်ရှုပ်နေတာကြောင့် အခုတလော အလုပ်ကို နေ့တိုင်းလိုလိုသွားနေရသည်။

“ပါးပါးလို့”

“ဟင် သားလေး ဘာလိုလို့လဲ”

“နည်းနည်းလေး ထပ်စားလို့ရသေးလား မေးမလို့ကို ပါးပါးက ဖေဖေ့ဆီစိတ်ရောက်နေတာလား ခေါ်တာလဲမကြာဘူး”

“မဟုတ်ပါဘူးနော် နည်းနည်းလေး ထပ်ရမယ်”

“ဟုတ် ပါးပါးကိုချစ်”

လိုချင်တာရရင် ငယ်ငယ်ကအကျင့်အတိုင်းပင်။ စိတ်လွတ်သွားတယ်ဆိုတာ အမှန်ပင်။ သားဖေဖေက သူ့ကိုတောင်နှုတ်ဆက်မသွားဘူးမလား။ သားကိုပဲ နှုတ်ဆက်သွားတာ။ သူအခုတော့ သားဖေဖေကို ဂရုမစိုက်သလိုများဖြစ်နေလား။ ဂရုမစိုက်တာမဟုတ်ပေမယ့် သားနေမကောင်းတော့ သားဘေးမှာပဲ နေ့ရောညပါအနေများနေတာတော့ အမှန်ပင်။

“သားဖွားဖွားကို သွားခေါ်ပေးအုန်း၊ ခြံထဲမှာဝါဝါနဲ့လမ်းလျှောက်နေတယ် မနက်စာ လာစားတော့လို့နော်”

“ဟုတ် သားသွားခေါ်ပေးမယ်”

မေမေ့အတွက်ပြင်ပေးပြီး မာမီနဲ့ဖွားဖွားအတွက်ထည့်ပေးပြီး အိမ်ကယာဉ်မောင်းကိုသွားပေးခိုင်းရသည်။

“ဖေဖေ့နောက်လိုက်သွားလိုက်အုန်းမယ် ဖုန်းသိပ်မကြည့်နဲ့နော်၊ နာရီပြည့်တာနဲ့ကြည့်တာရပ်နော်”

“ဟုတ်ကဲ့ ပါးပါး တာ့တာ”

ပိုးသား နေ့လည်စာထုတ်ပိုးပြီး ကိုကို့နောက်လိုက်သွားရသည်။ သားအတွက်နဲ့အလုပ်ရုပ်နေတဲ့သူက ကိုကို့ကိုလစ်လျူရှု့ထားတယ်လို့ ခံစားနေရသလို ကိုကိုသူ့ကိုစိတ်ကောက်နေတယ်လို့လဲ ခံစားနေရတာကြောင့်ဖြစ်၏။ ယာဉ်မောင်းကိုပြန်လွှတ်လိုက်ကာ သူ ကုမ္ပဏီထဲဝင်သွားလိုက်သည်။

“MD အခုတလော စိတ်ဆက်နေတယ်ထင်တယ်”
“ဟုတ်တယ် တစ်ခုခုဆို ဆူပဲဆူနေတယ်”
“ပြီးခဲ့တဲ့ရက်တုန်းကလည်း ဘာမှမဟုတ်ပဲ စာတင်ဖို့စာစီတာကိုကြည့်ပြီးတော့လေ tab key တစ်ချက်ခုန်ရမှာကို မခုန်မိတာကိုဟယ် ဒီအတိုင်းပြောလဲရတာကို ဆူတာဆူတာဆိုတာလေ မသိရင် အမှားအကြီးကြီးလုပ်တာကြနေတာပဲ”

ဓါတ်လှေကားစီးပြီး အပေါ်တက်သွားတာနဲ့အထဲမှာပြောနေတာတွေကိုကြားနေရတာဖြစ်သည်။ သူရှိမှန်းမသိတာကြောင့် ပြောနေကြတာ။ ဒါနဲ့ ကိုကို့မှာစိတ်တိုစရာဘာရှိလို့လဲ။ ပိုးသား တက်သွားလိုက်ပြီး အခန်းတံခါးခေါက်ကာ ဝင်လိုက်သည်။

“ဘာကျန်ခဲ့ကြပြန်ပြီလဲ”

စိတ်တိုနေတဲ့အသံနဲ့အော်ထုတ်တာ။ သူအနည်းငယ်တောင်လန့်သွား၏။

“ကျွန်တော်ပါ နေ့လည်စာထမင်းလာပို့တာ”

“ဟင် ချာတိတ်လာလေ၊ ထူးထူးဆန်းဆန်း”

“ထူးထူးဆန်းဆန်းပဲဖြစ်ရသေးတယ် ကိုကို့ဆီလာတာ လာလို့မရဘူးလား”

“မဟုတ်ပါဘူး မင်းသားနဲ့အလုပ်ရှုပ်နေသလားလို့”

တွေ့လားပြောပါတယ်။ ကိုကိုသူ့ကိုဂရုမစိုက်လို့ စိတ်ခုနေတာ။ သားကိုပဲဂရုစိုက်နေလို့ စိတ်ဆိုးနေတာ။ ပိုးသား နေ့လည်စာကို စားပွဲပေါ်တင်ထားလိုက်ပြီး ကိုကို့ဆီလျှောက်သွားလိုက်ကာ ထိုင်နေတဲ့ ကိုကို့ပုခုံးပေါ်လက်ထောက်လိုက်၏။

“သားကသား ကိုကိုက ကိုကိုတူမလားလို့၊ အခု ကိုကို့ဆီလိုက်တာလေ”

“အင်း”

စိတ်ကောက်မပြေသေးတဲ့ ကိုကို့ကြောင့် ပိုးသားအနောက်မှ ရယ်လိုက်မိကာ နှာခေါင်းရှုံ့လိုက်မိသည်။ ကိုကိုနဲ့သားက တထေရာထဲ။

“စိတ်ကောက်မနေတော့နဲ့ နေ့လည်စာပြင်ပေးမယ် လာစားရအောင် ရွှတ်”

ပါးကိုနမ်းပြီး ထမင်းသွားပြင်ပေးနေတဲ့ကောင်လေးကြောင့် ထည်ဝါ ပြုံးမိသွားသည်။ သူ့ကိုလာချော့တာ သိသားပဲ။
ပိုးသား စိတ်ကောက်လွန်းတဲ့သားအဖနှစ်ယောက်ကြောင့် ပြင်းရတယ်မရှိပေ။ တစ်နေ့တစ်နေ့ တစ်ယောက်တစ်မျိုးစီ စိတ်ကောက်လွန်းတဲ့ သားနဲ့အဖေကို သူ့မှာလိုက်ချော့နေရတာနဲ့တင် သဘောကျနေရတော့တာဖြစ်သည်။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now