ချူချန်ရုတ်တရက်ကြီး နောင်တရလာသည်။သူတကယ်ကို ကျိချင်းကျိုးထံ ဒီဆွဲကြိုး ပြန်ပေးလိုက်သင့်၏။ကားနဲ့အိမ်က အရေးမကြီးပေမယ့် ဒီဆွဲကြိုးကိုတော့ ကျိချင်းကျိုး ပြန်ယူသွားသင့်တယ်လေနော်။သူတို့ကြားက ပတ်သက်မှုလည်းပြီးပြီဖြစ်၍ သူ့မှာ ကျိချင်းကျိုးအား ချုပ်ချယ်ရန် အရည်အချင်းမှမရှိပါပဲ။သူနောက်ပိုင်း ဘယ်သူနဲ့တွေ့တွေ့ဆုံဆုံ၊တစ်ခြားလူနဲ့ပဲချစ်မိသွားသွား ဖောက်ပြန်တယ်လို့ ပြောလို့မရတော့တဲ့အတွက် ကျောက်ဆွဲကြိုးလေးလည်းမလိုပါတော့ပေ။

သူ ကျိချင်းကျိုးကို ဖုန်းခေါ်လိုက်ချင်ပေမယ့် ဖုန်းကို ကိုင်ရုံသာကိုင်လိုက်ပြီး ခေါ်ဆိုသည့်ခလုတ်အား မနှိပ်ဖြစ်ခဲ့ပါ။

ကျိချင်းကျိုးက အရမ်းကိုမှ ကြော့ကြော့မော့မော့နဲ့ ဆွဲကြိုးလေးတစ်ကုံး ကြယ်ဗူးလေးတစ်ဗူးပဲယူပြီး ထွက်သွားခဲ့တာဖြစ်သည်။ဒီဆွဲကြိုးလေးကိုတော့ သူအရမ်းတွယ်တာလို့ဖြစ်ရမည်။သူက တစ်ကြိမ် ချွတ်လိုက်ပြီးရင်လည်း ဘယ်သောအခါမှ ပြန်ဝတ်မယ့်လူမျိုးမဟုတ်နေပါ။

ထိုသို့သာဖြစ်သွားလျှင် သူတို့ကြားမှာ တကယ်ကို ပတ်သက်မှုဆိုတာကြီး ရှိမှာမဟုတ်တော့။

ချူချန်သည် ဖုန်းအား တိတ်တဆိတ်ဘေးကို ပြန်ချလိုက်ပါ၏။ သူဒါမျိုးဖြစ်ချင်တာမဟုတ်ဘူး။သူ ကျိချင်းကျိုး အား ဆွဲကြိုးလေးလက်ဆောင်ပေးလိုက်တဲ့နေ့ကတည်းက သူ့ကိုတစ်ချိန်လုံး ဝတ်ထားစေဆင်တဲ့ ဆန္ဒရှိကြောင်း သူကောင်းကောင်းကြီး သိခဲ့သည်။

တစ်ယောက်ဆွဲကြိုးကိုတစ်ယောက် အကြိမ်ပေါင်းများစွာ မရေတွက်နိုင်သည်အထိ သူတို့ နမ်းရှိုက်ခဲ့ဖူးသည်။ကားနဲ့အိမ်က အရေးမကြီးပေမယ့် ဒီဆွဲကြိုးလေးကတော့ သူနဲ့ ကျိချင်းကျိုး အတွက် အရမ်းအရမ်းအရေးကြီးရပါသည်။

ချူချန်သည် လည်ပင်းမှ ဆွဲကြိုးလေးအားထိကြည့်ပြီး သက်ပြင်းသာသာလေးချလိုက်ရတော့သည်။

《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ပရိတ်သတ်တွေက လတ်တလော၌ အများအပြား ပွဲဖြစ်နေကြ၏။'idol'ဇာတ်လမ်းတိုင်းပွဲဖြစ်နေကြခြင်း။အနီအဖြူပြိုင်ပွဲလို့တောင် ပြောလို့ရသည်။သို့သော် ဒီဇာတ်ကားရဲ့ အနီအဖြူက လူတိုင်းမျှော်လင့်ထားသလို မဟုတ်ပါ။ကျန်းဖေးနဲ့ ကျွမ်းရှန်းယန်ပရိတ်သတ်တွေက ပွဲမဖြစ်ကြပေ။ရန်ဖြစ်နေကြတာ ကျန်းဝေဝေနဲ့ ကျွမ်းရှန်းယန် မိသားစုတွေဖြစ်ကြသည်။အကြောင်းရင်းကတော့ ကျိချင်းကျိုးနဲ့ ချူချန်ကြောင့်ပင်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now