"စိတ်ပူလိုက်ရတာ လွမ်းငယ်ရယ်... မင်းကို ရှာလို့မှ တွေ့ပါ့မလားလို့၊ ဘာဖြစ်သွားသေးလဲ... အဆင်ပြေရဲ့လား"

ချော့တဲ့သူရှိရင် ပိုငိုတတ်တဲ့ကလေးတွေလို အထီးကျန်နေချိန် မျှော်လင့်ချက်မဲ့နေချိန်မှာ သူရှိရာ ရောက်အောင်လာခဲ့တဲ့ ထို့သူက သူ့အတွက်အားကိုးရာဖြစ်သွားသည့်အလျောက် ပွေ့ဖက်ခံထားရတဲ့ လွမ်းက နေ့ရင်ခွင်ထဲ ထပ်မံတိုးဝင်လိုက်ပြီး

"ဟင့်အင်း...အဆင်မပြေဘူး၊ ကျွန်တော်တစ်ယောက်ထဲ ကြောက်နေခဲ့တာ...ချမ်းလည်း ချမ်းတယ်...ဟင့်"

ခပ်တိုးတိုးငြီးငြူသံကြောင့် နေကုဋေတစ်ယောက် ဘာလုပ်ရမှန်းမသိအောင် ပြာယာခတ်သွားပြီး ရင်ခွင်ထဲမှာကောင်လေး၏ ကျောပြင်ကို ခပ်ဖွဖွပုတ်ကာ ချောမြှူရသည်။

"ဘာမှမဖြစ်တော့ဘူးနော်...ကိုယ် ရှိတယ်"

"အဟင့်...မိုးလင်းတဲ့ထိ ဒီမှာပဲနေရတော့မှာလားလို့...ကြောက်နေခဲ့တာ...ပြီးတော့...ပြီးတော့ သူဌေးလည်း ရောက်မလာဘူးထင်လို့ ...ဟင့်"

သူ့ရင်ခွင်ထဲကနေ ဗလုံးဗထွေးငိုရှိုက်ရင်းပြောနေတဲ့ လွမ်းရဲ့ မျက်နှာလေးကို ပင့်မော့ကာ မျက်လုံးချင်ဆုံစေလိုက်ပြီး

"ကိုယ်ကဘာလို့ရောက်မလာနိုင်မှာလဲ လွမ်းငယ်ရယ်... ဘယ်နေရာပဲ ဖြစ်ဖြစ် မင်းရှိတဲ့နေရာကို ကိုယ် သေချာပေါက် ရောက်အောင်လာမှာပါ ဝမ်းမနည်းပါနဲ့တော့နော်"

နေ ပြောလိုက်တော့ ထိုကောင်လေးက မျက်ရည်စတို့ဝေ့စီနေဆဲဖြစ်တဲ့ မျက်ဝန်းတွေနဲ့ ခေါင်းညိတ်ပြသည်။ ယခုထိ သူ့လက်တွေကြားမှာပဲ ရှိနေဆဲဖြစ်တဲ့ ပါးပြင်လေးကို လက်မနဲ့ ခပ်ဖွဖွပွတ်သပ်ရင်း နေကပဲ ဆက်၍

"ဒါဆို သွားရအောင် ကိုယ်လာတုန်းက လမ်းမှာ တည်းခိုခန်းတစ်ခုတွေ့ခဲ့တယ်၊ ဒီညတော့ အဲ့မှာ အိပ်မှပဲ ရတော့မယ်၊ ဒီမိုးနဲ့ ညဘက်ကြီး ကားမောင်းလို့လည်း အဆင်ပြေမှာ မဟုတ်ဘူး"

"ဟုတ်..."

သူခေါ်ရာနောက်ကို နာနာခံခံနဲ့ လိုက်လာတဲ့ ကောင်လေးရဲ့လက်ကို ကားပေါ်ရောက်တဲ့ အထိ နေ မလွှတ်မိ။ သူ့ဆီကို ဘယ်သူမှ ရောက်မလာနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ဘယ်လောက်တောင် ကြောက်နေခဲ့လိမ့်မလဲ။ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတာတောင် အေးစက်နေဆဲဖြစ်တဲ့ လက်ဖျားတွေကြောင့် နေမကောင်းဖြစ်မှာတောင် စိုးရိမ်ရသည်။ ကားပေါ်ရောက်သည်အထိ အေးစက်ပြီး တုန်ယင်နေတဲ့ ကိုယ်လေးကို အနွေးဓာတ်ရအောင် နေ က သူဝတ်ထားတဲ့ ကုတ်အင်္ကျီကို ချွတ်ကာ လွှမ်းခြုံပေးလိုက်ပြီးမှ ကားကို မောင်းထွက်ခဲ့တော့သည်။ အေးစက်နေတဲ့ လက်ဖျား‌တွေကို အာငွေ့ပေးဖို့လည်း မမေ့။

Passionate LOVE (Complete)Where stories live. Discover now