22

910 78 5
                                    

Unicode

“Ben နောက်ဆုတ်ခဲ့တော့..!”

မိုင်လေး၏အသံကို ကြားသည်နှင့် Benjamin က အများကြီး တွေးတောမနေပဲ နောက်ဆုတ်လိုက်သည်။ သူမက အဓိပ္ပါယ်မရှိ လျှောက်အော်နေမှာမဟုတ်မှန်း သူသိနေသောကြောင့်ပင်။

Benjamin နောက်ဆုတ်လိုက်သော်လည်း သားရဲကောင်များက အလွတ်မပေးခဲ့ချေ။ မြေခွေးဖြူ၏ အမြီးဖွားဖွားများက ကြိုးတန်းရှည်သဖွယ်၊ သို့သော် အမြီးထိပ်ပိုင်းက လှံသွားထက်ပင် ထက်ရှနေသေး၏။ ထိုအမြီးများက Benjamin နောက်ဆုတ်ရာဘက်သို့ မြားဦးများသဖွယ် ပြေးဝင်လာကြသည်။ Benjamin က စွမ်းအားစုစည်းပြီး ခုခံရန်ပြင်လိုက်သည်။

သို့ရာတွင် အနက်ရောင်လက်တံတချို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အမြီးဖြူဖြူများကို ချုပ်နှောင်ပစ်လိုက်သည်။ အမြီးဖြူဖြူများက အသည်းအသန် ရုန်းကန်နေပါသော်လည်း အနက်ရောင်လက်တံများ၏ ထိန်းချုပ်မှုအောက် အနည်းမျှပင် ရုန်းမထွက်နိုင်ခဲ့ချေ။

Benjamin လည်း မိုင်လေးရှိရာ အရင်ပြန်လိုက်ပြီး လက်တံရှည်များ၏ မူလရင်းမြစ်ကို စစ်ဆေးကြည့်လိုက်သည်။ အံ့အားသင့်ဖွယ်ရာပင်။ အနက်ရောင်လက်တံများက နှစ်ပေခန့်ရှိသော ဖြူကောင်ကြီးတစ်ကောင်၏ အဆူးတောင်များ ဖြစ်နေလေသည်။ ထိုသားရဲသည် မိုင်လေးပိုင်ဆိုင်သော သားရဲသတ္တဝါဖြစ်ပြီး သားရဲပြိုင်ပွဲတွင် တစ်ခါထုတ်သုံးခဲ့ဖူးမှန်း သတိရလိုက်သည်။ ထိုစဉ်က ဖြူသားရဲ၏စွမ်းရည်သည် အတော်ကောင်းသော်လည်း အံ့အားသင့်လောက်သည်မဟုတ်ပေ။ ဤလောကတွင် သန်မာသော၊ ရှားပါးသော၊ ထူးခြားဆန်းကြယ်သော သားရဲအမျိုးအစားများစွာ ရှိနေသည်။ သို့သော် လက်ရှိအချိန်မှာတော့ အနှီဖြူသားရဲသည် တခြားတစ်ကောင် ပြောင်းလဲသွားသည့်အလား အံ့ဩမှင်သက်လောက်သော စွမ်းအင်အရှိန်အဝါကို ထုတ်ဖော်လာခဲ့ချေ၏။ မြေခွေးဖြူ၏ အမြီးရှည်များကို ချုပ်နှောင်ထားနိုင်ရုံသာမက စက္ကန့်ပိုင်းအတွင်း ရွှေရောင်ကျားသစ်နှင့် သိမ်းငှက်ကြီးကိုပါ ထိန်းချုပ်ထားနိုင်လိုက်သည်။

ဒဏ္ဍာရီသားရဲများအောက် စွမ်းအားမနိမ့်ကျသော သားရဲကြီးသုံးကောင်သည် ဖြူကောင်လေး၏ ကွန်ယက်သဖွယ် အဆူးတောင်များအောက်တွင် မရုန်းနိုင်မလွန့်သာဖြင့် မာန်ဖီနေကြရှာသည်။ မည်သို့ပင် ရုန်းကန်နေကြပါစေ၊ ဆူးတောင်များကြားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ မချိမခံသာသော မျက်ဝန်းများဖြင့်သာ တစ်စုံတစ်ယောက်ကို စူးစိုက်ကြည့်နေသည်။ ထူးခြားသည်က သူတို့ကြည့်နေသောသူမှာ ဖြူကောင်မဟုတ်သလို၊ Benjamin လည်းမဟုတ်၊ ဖြူကောင်ကို စေလွှတ်ခဲ့သော မိုင်လေးလည်း မဟုတ်သည့်အပြင် သူတို့၏သခင်ဖြစ်သော နန်ကုန်းဟိုင် ဖြစ်နေခဲ့သည်။

Forever More (Extra)Where stories live. Discover now