16

757 81 4
                                    

Unicode

တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တိုက်ခိုက်ကြရင်း တိုက်ပွဲအချိန်က ပုံမှန်ထက် ကြာလွန်လာခဲ့၏။

ကျွင်းရှောင်ဟုန်လည်း စိတ်မရှည်တော့သလို အမျိုးသမီးဇာတ်လိုက်ပီသစွာ တိုက်ကွက်များက တဖြည်းဖြည်းနှင့် ပိုမိုပြင်းထန်လာခဲ့သည်။

သို့သော် မိုင်လေးကတော့ ပွတ်ကာသီကာ ရှောင်တိမ်းနေဆဲ။ မိုင်လေးဘက်မှ ပထမတိုက်ကွက်မှလွဲ၍ နောက်တစ်ကြိမ် တုံ့ပြန်တိုက်ခိုက်ခြင်း မရှိသေးတာကြောင့် ပရိသတ်များပင် ပွက်လောရိုက်နေတော့သည်။ မိုင်လေးဘက်မှ အားပေးသူများလည်း ရှိနေသလို ကျွင်းရှောင်ဟုန်အား မိုင်လေးကို အပြီးသတ်လိုက်ရန် အော်ဟစ်အားပေးနေသူများလည်း မနည်းမနောပင်။

လက်ရှိအခြေအနေတွင် ကျွင်းရှောင်ဟုန်တစ်ယောက် ချွေးပြန်နေလေ၏။ တိုက်ပွဲ၏အခြေအနေကို သူမထက် ဘယ်သူမျှ ပိုမသိနိုင်ပါ။ သူမဘက်က အသည်းအသန် တိုက်ခိုက်နေခဲ့ပါသော်လည်း တစ်ဖက်လူက စိတ်အေးလက်အေး ရှောင်တိမ်းနေသည်မှလွဲ၍ ဘာမှမတုံ့ပြန်ခဲ့ပေ။

ပြိုင်ဘက်မိန်းကလေးက ဘာဖြစ်ချင်နေတာလဲ..?

သူမကို အထင်သေးနေတာလား..? တမင်ဆော့ကစားနေတာလား..?

အတွေးများလာသလို စိတ်လောနေမှုကြောင့် တိုက်ကွက်များလည်း ပိုမိုကြမ်းတမ်းလာခဲ့သည်။ သူမ၏စွမ်းအင်များကို သူမကိုယ်တိုင်ပင် ထိတ်လန့်ရသည်အထိ တိုက်ခိုက်နေမိ၏။

တစ်ဖက်မှာလည်း မိုင်လေးက ဇာတ်လိုက်မကို အကဲခတ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဇာတ်လိုက်မ၏ စွမ်းအားများက အဆုံးမရှိ တိုးတက်လာသလို သူမ၏သားရဲကလည်း ပုံမှန်ထက် ကြမ်းတမ်းလာခဲ့သည်။ ယခုဆိုလျှင် အမြီးကိုးချောင်းဖြင့် အရွယ်အစားကလည်း မူလထက် ၃ ဆမျှ ကြီးထွားလာခဲ့ချေပြီ။ ခန္ဓာကိုယ်နှစ်ဆခန့် ရှည်လျားသော အမြီးဖွားဖွားများနှင့် ဓားမြှောင်ကဲ့သို့သော လက်သည်းများဖြင့် မြေခွေးကြီးသည် ကြောက်မက်ဖွယ်အတိ။

မိုင်လေး၏မန္တန်ကြောင့်သာ ဖြူကောင်လေးမှာ သက်သာရာရနေတော့သည်။ မဟုတ်လျှင် အနှီလက်သည်းများကြောင့် ဖြူကတုံးဖြစ်သွားနိုင်လောက်သည်။ ဖြူကောင်လေး၏ ပြန်လည်ကုစားခြင်းစွမ်းရည်ကြောင့် ဆူးတောင်များဟာ အဖန်တလဲလဲ ရှည်ထွက်လာသလို ဖြတ်ခံလိုက်ရသော ဆူးတောင်များသည်လည်း အရိပ်သဖွယ် ပြာပုံအတိ ပြောင်းလဲသွားပြီး ပြိုင်ပွဲစင်ထက်တွင် ပြာမှုန်များဖြင့် ပြည့်နှက်နေတော့၏။

Forever More (Extra)Where stories live. Discover now