13

798 86 4
                                    

Unicode

ထိုအချိန် ပတ်ဝန်းကျင်လေထုက ပြန်လည်ဆူပွက်လာပြန်သည်။ သို့သော် အခြေအနေကား ထူးဆန်းလှစွာ၊ လူတိုင်း တတွတ်တွတ်ဖြင့် စကားပြောနေကြပါသော်လည်း အသံကျယ်ကျယ် မထွက်ရဲသလို တတ်နိုင်သမျှ အတိုးဆုံးဖြစ်အောင် ပြောနေကြလေ၏။ သို့သော် သူတို့၏အကြည့်သည် နေရာတစ်ခုတည်းသို့သာ ဦးတည်နေကြလေသည်။

ပြိုင်ပွဲစင်မြင့်ထက် တက်သွားကြသော ပြိုင်ပွဲဝင်များလည်း ပတ်ဝန်းကျင်မှ ထူးခြားမှုကို သတိပြုမိဟန်တူသည်။ လူအများ၏ မျက်စိလားရာအတိုင်း မော့ကြည့်လိုက်ကြသည်။

မိုင်လေးသည်လည်း လူအများနှင့် ကွဲထွက်မနေ၊ ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ ချီးမွမ်းမြှောက်ပင့်သံ၊ အတင်းစကားများနှင့်အတူ အရပ်မျက်နှာတစ်ခုသို့ မော့ကြည့်လိုက်ပါ၏။

လူအများ၏ အကြည့်များစုံစည်းရာ ထိုနေရာသည်ကား..

ထိုနေရာကား အကြီးအကဲနှင့် တောင်သခင်များ၏ ပွဲကြည့်စင်..

အနီရောင်အဆင်တန်ဆာများဖြင့် ဖုံးလွှမ်းနေသော အဆောင်ငယ်လေး..

မူလက ဗလာကျင်းနေခဲ့သော အဆောင်ငယ်အောက် ယခုမူ အမျိုးသားနှစ်ဦး ရှိနေခဲ့သည်။ တစ်ဦးမှာ ထိုင်နေပြီး ကျန်တစ်ဦးက သူ၏နောက်တွင် မတ်တပ်ရပ်နေ၏။

ပြိုင်ပွဲစင်မြင့်ကို မျက်နှာမူလျက် ထိုင်နေသောအမျိုးသားသည် အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး လျော့တိလျော့ရဲ စည်းနှောင်ထားသော ဆံနွယ်ရှည်များကို ကျောပြင်ထက် ဖြန့်ချထား၏။ အဝေးမှကြည့်လျှင်ပင် အလွန်ချောမောမှန်း သိသာလှသည်။ လူအများ၏အကြည့်ကို သတိထားမိပါသော်လည်း အနည်းငယ်မျှ တုန်လှုပ်ခြင်းရှိဟန်မတူ၊ ထက်ရှဝင့်ကြွားသော ဓားရှည်တစ်ချောင်းကို မြေပြင်ထက်တွင် စိုက်ထူထားသည့်အလား၊ ထိုအမျိုးသားသည်လည်း ထိုင်ခုံပေါ်တွင် မျိုးရိုးမြင့်၊ တော်ဝင်ဆန်သော ပုဂ္ဂိုလ်တစ်ဦးနှယ် ခါးကိုမတ်၍ ထိုင်နေသည်။ သို့သော် ပြုံးယောင်သမ်းနေသော မျက်နှာလေးက ကြင်နာတတ်သောစိတ်ကို ပေါ်လွင်စေပြန်၏။ အနှီအမျိုးသားသည် ဩဇာကြီးမားသော်လည်း ကြင်နာသနားတတ်သော ဝမ်ရယ်တစ်ပါးနှင့် အလားသဏ္ဍာန်တူသည်။

Forever More (Extra)Where stories live. Discover now