Chapter 44

281 59 3
                                    

{Unicode}

[Vol-2: Chichén Itzá]
ရင်ဖွင့်ခြင်း

ထင်ထားသည့်အတိုင်းပင် လင်းရွှင်က နှစ်ယောက်ဆက်ဆံရေးကို အသိအမှတ်မပြုပါချေ။ လင်းရွှင်ချန်းယဲ့ခိုင်ကို ဖြစ်စေချင်သည်ကမူ  ကိုလမ်ဘီယာတက္ကသိုလ်တွင် သင်ကြားရေးရာထူးတစ်နေရာရရှိပြီး သူ့လက်ထောက်ဖြစ်လာစေရန် ဖြစ်၏။ လက်ထောက်ဆရာအလုပ်လုပ်ရင်း တစ်ဖက်တွင် ကျောင်းသားနှင့်တွဲနေခြင်းဟာ ချန်းယဲ့ခိုင်၏အနာဂတ်ကို အကြီးအကျယ် ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။

သို့ပေသိ လျန်ကျင်းမင်ကမူ ချန်းယဲ့ခိုင်ကို အားပေးပါသည်။ ကိုယ့်ခံစားချက်ကိုယ် ရှင်းရှင်းလင်းလင်း နားလည်သ၍ ဘာကိုမှကြောက်စရာမလိုကြောင်း သူမကအမြဲပြောပြီး အလုပ်ထွက်ချင်သလား၊ တက္ကသိုလ်ပြောင်းချင်သလား၊ ဒါမှမဟုတ် ပညာရေးကိုတောင်ရပ်နားပြီး အနာဂတ်အတွက် အခြားအသက်မွေးဝမ်းကြောင်းတစ်ခု လုပ်ချင်သလား အမြဲအားပေးတိုက်တွန်းလေသည်။

ချန်းယဲ့ခိုင်ကမူ အချိန်အတော်အတန်ကြာသည့်တိုင် တွေဝေတွန့်ဆုတ်နေခဲ့၏။ ရူဆဲကလည်း ၎င်းကိုနားလည်ပါသည်။ သူ့အဖို့တော့ သူ့ဘဝမှာချန်းယဲ့ခိုင်တစ်ဦးတည်းသာ တည်ရှိပေမယ်လို့ ချန်းယဲ့ခိုင်အဖို့ကတော့ သူ့အနားချည်း ဘဝကိုလည်ပတ်နေရန်မှာ မဖြစ်နိုင်ပါချေ။ ရူဆဲသည်ကား အချစ်အကြောင်းလည်း ကောင်းကောင်းနားမလည်သလို ကိုယ့်ခံစားချက်ကိုယ် မည်သို့ဖော်ပြရမည်မှန်းလည်းမသိရှာပေ။ ထို့ကြောင့်သူက နောက်ဆုတ်ထွက်ပြေးမည့်လမ်းကိုသာ ရွေးချယ်ခဲ့ပြီး ချန်းယဲ့ခိုင်အပေါ် ထပ်ပြီး ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကောလိပ်မှထွက်ကာ ဂျပန်ကိုပြန်ရန်သာ ဆုံးဖြတ်ချက်ချခဲ့လေသည်။ သို့ပေသိ ကျောင်းထွက်လျှောက်လွှာမလျှောက်မှီ ချန်းယဲ့ခိုင်အား အရင်ဆုံး သူနှင့်အတူ Argentinaသို့သွားပြီး Iguazuရေတံခွန် အတူသွားကြည့်ပေးရန် တောင်းဆိုလာခဲ့၏။

ထိုခရီးစဉ်ဝယ် ချန်းယဲ့ခိုင်တစ်ယောက် နောက်ဆုံးတော့ သူ့ခံစားချက်သူ ရင်ဆိုင်သွားနိုင်ခဲ့လေသည်။ သူ့အဖို့တော့ ရူဆဲဟာ မူးယစ်ဆေးတစ်ခွက်လို အရာအားလုံးကိုမေ့ပျောက်ကာ ဆေးအရှိန်ထဲ၌သာမွေ့လျော်လျက် ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားရစေပါသည်။ သူဆိုသည်မှာ ရူဆဲအတွက်သာ မွေးဖွားလာသလို ရူဆဲတစ်ယောက်တည်းအတွက်သာ တည်ရှိနေသည့်နှယ်။

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now