အပိုင်း ၁၅ zawgyi

Start from the beginning
                                    

"ငယ်လေး အခု ဒေါ်ပုမဆိုင်ကို လိုက်သွား။ကိုဧည့်သည် ကြက်ဥ ဝယ်ပြီးတာနဲ့ အိမ်ကို ပြန်ခေါ်လာခဲ့နော်။"

ငယ်လေးကို ထိုလူ့ကို ပြန်ခေါ်လာဖို့ ပြောပြီးမှ ကောင်မလေးကို သတိရသွားပြန်သည်။သူ စိတ်အပူဆုံးကတော့ အိမ်တက်ဖိတ်ထားတဲ့ ဟိုကောင်မလေး။ယောက်ျားလေး ကြိုက်လောက်တဲ့ ခန္ဓာကိုယ် သွယ်လျလျ ရှိသည်။ပိုက်ဆံရှိသည်။ရုပ်ရည်ချောမောသည်။ ငယ်ရွယ်နုပျိုသည်။ထိုလူ ကကော ဘာမို့လို့လဲ။သူ့ကို အတင်းလိုက်ကပ်နေသည့် ကောင်မလေးကို တည်ငြိမ်သည့် စိတ်ဖြင့် တချိန်လုံး နေနိုင်ပါ့မလား။စိတ်မလှုပ်ရှားဘဲ ဘယ်နေပါ့မလဲ။မဖြစ်ချေဘူး။ထိုကောင်မလေး အလှူကို ထိုလူ လုံးဝသွားလို့ မဖြစ်ချေဘူး။အိမ်ကို အဝတ်အစား လာအပ်သည့် ထိုလူ့ရဲ့ customer တယောက်အဖြစ်သာ သူကြည့်နေနိုင်မည်။အလှူသွားလောက်တဲ့အထိ ရင်နှီးကျွမ်းဝင်သွားတာမျိုးတော့ သူလက်မခံနိုင်။အလှူသွားလိုက်ပြီ ဆိုကတည်းက ထိုလူနှင့်ကောင်မလေး၏ ရင်းနှီးမှု ပိုသွားမှာ။ဒါကို သူလက်မခံနိုင်။တားမှဖြစ်ပေမည်။

"ပြီးတော့ ငယ်လေး ကိုဧည့်သည် ကို ဈေးဝယ်ပြီးတာနဲ့ အိမ်ပြန်ခေါ်လာခဲ့နော်။ဘယ်မှ မသွားစေနဲ့။"

"ဟုတ်ကဲ့ ကိုကြီး။သား ကိုကြီးဧည့်သည် ကို အိမ်ပြန်ခေါ်လာခဲ့ပါ့မယ်။"

ငယ်လေး က ကတိပေးတော့ သူစိတ်တဝက် ချထားပါပြီ။

*********

"ကိုကြီး ...ကိုကြီး ရွှေရုပ်ကမ္ဘာ တို့ အိမ်က အိမ်တက်ကလေ ဒန်ပေါက်ကျွေးတယ် သိလား။ကောင်းလိုက်တာ ကိုကြီး ရာ။ ကြက်သားတုံးကြီးကလည်း အကြီးကြီးပဲ။"

သူ လမ်းထဲသို့ ဝင်လာလာချင်း ငယ်လေးနှင့် ဧပရယ်တို့ နှစ်ယောက် လမ်းမှာ ဆော့နေကြတာကို တွေ့ရသည်။သူ့ကို မြင်သည်နှင့် ညီနှစ်ယောက်စလုံး ပြေးလာပြီး လှည်းကို ဝိုင်းကူကာ တွန်းပေးကြလေသည်။အတူတူ ပြန်လာတော့ ငယ်လေး က ပြောခြင်း ဖြစ်လေသည်။

"ရွှေရုပ်ကမ္ဘာ ဆိုတာ ဘယ်သူလဲ။"

"ဟာ...ကိုကြီး ကလည်း မသိဘူးလား။သားတို့ ရပ်ကွက်ထဲကို ပြောင်းလာတဲ့ အိမ်သစ်ကလေ။အိမ်ပြောင်းလာစက သားတို့နဲ့တောင် စကားများလို့ ရန်ဖြစ်တဲ့ ကောင်လေးလေ။အခု သားတို့ သူငယ်ချင်းပေါ့။သူ့နာမည်က ရွှေရုပ်ကမ္ဘာ လို့ ခေါ်တယ်။သူတို့ အိမ်က ဒီနေ့ အိမ်တက်လေ။သားတို့ကို ဖိတ်ထားတာ။သားက မေ့နေတာ။ကိုကြီး ကိုတောင် မပြောဖြစ်ဘူး။"

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now