အပိုင်း(၂၇.၁)

Start from the beginning
                                    

မူယန်သည် လူအုပ်ကြီးဘက်သို့ လှည့်လာပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ပိန်လှီသော ဆယ်ကျော်သက်ကောင်လေးကိုမြင်လိုက်ရပြီး ထိုကောင်လေးကသူ့အားမမှိတ်မသုန်စိုက်ကြည့်နေလျက် ။ စင်အောက်တွင် လူတွေဘယ်လောက်တောင် အုံဖွဲ့နေပါစေ သူ့မျက်လုံးထဲတွင် ထိုကောင်လေးတစ်ဦးတည်းကိုသာ မြင်ရပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှာတွေ့နိုင်သလိုမျိုးပင် ထိုကောင်လေးဘက်ကလည်းအတူတူပင် ။

မူယန်၏ နှုတ်ခမ်းထောင့်များသည် အလိုအလျောက် ကော့တက်သွားရသည် ။ စိတ်ချပါ..ငါမင်းကို စိတ်မပျက်စေရဘူး ။

မကြာခင်မှာပင် ပြိုင်ပွဲဝင်အားလုံး စုံညီစွာရောက်ရှိလာကြသည် ။ စင်မြင့်ထက်မှ ခေါင်းလောင်းသံ ကြားသည်နှင့် ပရိတ်သတ်လူအုပ်ကြီးသည်လည်း ချက်ချင်း တိတ်ဆိတ်သွားကြလေ၏ ။

အပြာရောင်ဝတ်ရုံဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်တာအိုပညာရှင်တစ်ယောက်က အရှေ့သို့လျှောက်လာသည် ။ သူဟာ နက်ပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကဝ​ဖြိုးကာ မျက်နှာခပ်ဝိုင်းဝိုင်းနှင့်အတူ ရည်မွန်သောအပြုံးတစ်ပွင့်ရှိ၏ ။ ခါးထက်တွင် သေရည်ထည့်သည့်ဘူးသီးခြောက်တစ်လုံးကို ချိတ်ဆွဲထားပြီး ခုနှစ်ထွာမျှရှည်လျားသောဓားရှည်တစ်လက်ကိုကျောတွင်လွယ်ထားကာ ၄င်းဓားရှည်က သူ၏အသွင်အပြင်နှင့်သွေဖည်နေချေသည် ။ ရှည်လျားပြီးသေးသွယ်သော အသွားနှစ်ဖက်ဓားရှည်၏ လက်ကိုင်ရိုးတွင် ပန်းဆီရောင်ပန်းပွားတစ်ခု ချိတ်ဆွဲထားရာ အမျိုးသမီးကျင့်ကြံသူများကိုင်ဆောင်သော ဓားရှည်နှင့်ဆင်တူပေသည် ။

ကျင့်ကြံသူများမှာ အလွန်ထူးခြားသော ပင်ကိုယ်အရည်အသွေးများရှိကြပြီး အားလုံးက ထူးခြားသောလူများဖြစ်ကြပါသော်လည်း ဒီလူကမူ အရမ်းမထူးဆန်းလှပေ ။

သူက ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ပြုံးကာဆို၏ ။ " အခု ရွေးချယ်ပွဲကို တရားဝင်စတင်ပါမယ် "

သူက သာမန်အတိုင်းသာပြောလိုက်သော်လည်း သူ၏အသံမှာ ပရိတ်သတ်တစ်ယောက်ချင်းစီ၏ နားထဲသို့ပြတ်သားစွာဝင်ရောက်သွားလေသည် ။ အဲ့ဒီ အန္တရာယ်ကင်းတဲ့အပြုံးကိုပဲ ကြည့်ပြီးမဆုံးဖြတ်လိုက်နှင့်... ။ သူက စင်ကြယ်သောနန်းတော်ရှိ စည်းကမ်းကြပ်မတ်ရေးနန်းဆောင်မှအကြီးအကဲ ကျိုးယွဲ့ပင်ဖြစ်လေပြီး ဖုန်းဟယ်မြို့အပါအဝင်မြို့ပေါင်းကိုးမြို့နယ်အတွက်ရွေးချယ်မှုတွင် တာဝန်ကျသည့် စစ်ဆေးရေးမှုးပင် ဖြစ်သည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now