29.🐍

18.4K 1.7K 55
                                    

Ani-Huတိုင်းပြည်....

အိပ်ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော တစ်ခေတ်၏နဖူးကို ရှေးရှု ခပ်ဖွဖွလေးနမ်းလိုက်ပြီးနောက် မျက်နှာပျက်ကျသွားသည်။

"ရေနဲ့အဝတ်သန့်"

ရှေးရှု၏အမိန့်ရသည်နှင့် မလှမ်းမကမ်းတွင်ရပ်နေသောအထိန်းတော်သည် အမြန်ဦးညွှတ်ကာ ထွက်သွားလေသည်။ သိပ်မကြာခင်မှာပင် ပန်းမွှေးနံ့သာဖြင့်ရောစပ်ထားသော ခပ်နွေးနွေးရေနှင့်အတူ အနူးညံ့ဆုံးသောပိတ်စလေးတစ်ခုကို ကမ်းပေးလာသည်။

အထိန်းတော်သည် တစ်ခေတ်အနားသို့ ကပ်သွားရာဝယ် ရှေးရှုက ရေဇလုံအားယူ၍...

"ကျွန်တော့်ဘာသာလုပ်ပေးလိုက်ပါမယ်... မယ်မယ့်ကို ကျေးဇူးတင်စကား ပြောပေးပြီး အနားယူလိုက်ပါဦး"

ယခုအထိန်းတော်သည် အသက်ကြီးနေပြီမို့ ရှေးရှုက အနားယူရန်ပြောလိုက်လေသည်။ သူ(မ)က နာခံစွာဖြင့် အဆောင်တွင်းမှ တိတ်တိတ်ကလေး ထွက်သွားသည်။ သူ(မ)မရှိလျှင် နောက်ထပ်တစ်ယောက် ရောက်လာမည်မှန်း ရှေးရှု ကြိုသိနေလေသည်။

ဝါဂွမ်းသဖွယ် နူးညံ့လွန်းသည့်အဝတ်စအား ရေနွေးထဲနှစ်၍ တစ်ခေတ်မျက်နှာပေါ်ကို ညင်ညင်သာသာသုတ်လိုက်သည်။ ခဏအကြာတွင် တစ်ခေတ်၏မျက်ခွံတို့ကလှုပ်ရှားလာပြီး မျက်တောင်များသည် ခပ်တွန့်တွန့်ကလေး လှိုင်းခတ်လာကာ လေးပင်စွာပွင့်လာသည်။

"ရှေးရှု..."

"ကိုကို့အနားမှာ..."

အိပ်ဆေးအရှိန်သိပ်မပြယ်ချင်သောကြောင့် တစ်ခေတ် ဦးနှောက်တို့က ထုံထိုင်းနေသည်။ သူနိုးလျှင်နိုးချင်း မသိစိတ်မှအရင်ရှာလိုက်မိသည်က ရှေးရှုကိုဖြစ်ပြီး အကြည့်အားဘေးဘီကိုပို့လျက် အက်ရှနေသောအသံဖြင့် ခေါ်လိုက်မိသည်။

"ကိုကို...ဒီဘက် ရှေးရှုကဒီဘက်မှာရှိနေတာ"

တစ်ခေတ်လက်ဖဝါးကိုဆုပ်ကိုင်လိုက်ရင်း ရှေးရှု တီးတိုးအသိပေးလိုက်သည်။ အထိအတွေ့ကိုရသောအခါမှ တစ်ခေတ်အကြည့်က ရှေးရှုပေါ်ရောက်လာလေသည်။တစ်ခေတ်က တစ်ခုခုကိုပြောချင်နေပေမဲ့ နှုတ်ခမ်းတို့သာလှုပ်နိုင်သည်။ သူ့အသိစိတ်က ထုံထိုင်းသလိုဖြစ်နေပြီး ရှေးရှုကိုကြည့်နေရင်းမှ မျက်တောင်များ ပြန်လည်စင်းကျသွားခဲ့သည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now