အခန်း (၃၂)

1.4K 188 21
                                    

ဖြစ်ပျက်သမျှကို အချိန်အတော်အကြာကြီး ဘယ်နည်းနဲ့မဆို ဖုံးကွယ်၀ှက်ထားလို့မရနိုင်သလိုပင် တစ်စုံတစ်ခုဟာ ဖြစ်ချိန်တန်ဖြစ်လာခဲ့ရပါပြီ။ ရှောင်းမီအနေနဲ့ အဲ့ဒီနေ့ကို ရင်ဆိုင်ဖို့ရန် အဆင်သင့်မဖြစ်သေးပါသော်လည်း ထိုနေ့ရောက်လာခဲ့ရပါချေပြီ။

အဲဒီနေ့၊ ရှောင်းမီ အရင်ပုံမှန်အတိုင်းလို ယန်ယန်ကို တွေ့ဖို့ရန်အတွက် ရုံးခန်းဆီသို့ လိုက်သွားခဲ့သည်။ သို့ပေမယ့် အတွင်းရေးမှူးအသစ်လေးတစ်ယောက်က ရုံးခန်းထဲ ၀င်မသွားဖို့ မျက်လုံးမှိတ်ပြကာ ရှောင်းမီကို တီးတိုးအချက်ပြလာ၏။ ရှောင်းမီစကားနားမထောင်ဘဲ သူ တံခါးကို တွန်းဖွင့်ရန်ကြိုးစားလိုက်ပေမယ့် အတွင်းဘက်မှ တံခါးလော့ချထားလေသည်။ ယန်ယန် သူ့နောက်ကွယ်မှာ ရုံးတွင်းအချစ်ဇာတ်လမ်းခင်းနေတာများလားဟမ်! ရှောင်းမီ အဲ့ဒီအထဲမှာ ဘာတွေဖြစ်ပျက်နေတာလဲဆိုတာ တံခါးကြားထဲမှ အသည်းအသန်ချောင်းကြည့်လိုက်ချိန်တွင် မြင်လိုက်ရတဲ့အရာက သူ့ကို အထိတ်တလန့်ဖြစ်သွားစေခဲ့ပါချေ၏။

ရုံးခန်းထဲက ထိုင်ခုံပေါ်တွင် ထိုင်နေသူမှာ ယန်ယန်ဟုတ်မနေချေ။ ဆံပင်ဖြူတစ်မွှေးတစ်မျှင်မှတောင်ရှိ‌မနေဘဲ ကြည့်ရတာ အသက်၄၀ကျော်အရွယ်လောက်ရှိမယ့် ယောင်္ကျားကြီးတစ်ယောက်၊ သေသေသပ်သပ်နဲ့ ၀တ်စုံပြည့်၀တ်ဆင်ထားကာ ထိုသူ့မျက်နှာပုံပန်းသဏ္ဍာန်သည်ကား ယန်ယန်နဲ့ဆင်တူတယ်လို့ ရှောင်းမီခံစားရ၏။ အခုလက်ရှိအခြေအနေမှာမူ နံရံကို မှီကာ ရပ်နေတဲ့ ယန်ယန်ကို ထိုသူက စူးစိုက်ကြည့်နေကာ စားပွဲပေါ်မှ ဓာတ်ပုံအချို့ကို လက်ညှိုးထိုးပြပြီး

"အဲဒါတွေက ဘာတွေလဲဆိုတာ ငါ့ကို တစ်ချက်ရှင်းပြစမ်းပါအုံး"

ယန်ယန်က စိတ်ပါ၀င်စားမှုမရှိဟန် ပခုံးတွန့်လိုက်ကာ "ဘာမှ များများစားစား ရှင်းပြနေစရာမရှိပါဘူး၊ အနှေးနဲ့အမြန်ဆိုသလို အဖေသိလာရမှာပဲ"

"တကယ်တော့ ငါအဲ့အကြောင်းကို အစောကြီးကတည်းက သိနေပြီးသား၊ ငါထင်တာက မင်းကျောင်းမှာ အရူးထချင်ရုံသက်သက်လို့ ငါထင်ထားခဲ့ပေမယ့် အခုတော့ ကုမ္ပဏီကို စီမံဖို့ ထွက်လာတော့လည်း မင်းက သူနဲ့အတူ တွဲနေတုန်း၊ ဆိုတော့ သူ့မှာ ဘာကောင်းတာများ ရှိလို့လဲဟမ်?!"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now