အပိုင်း ၅ zawgyi

Start from the beginning
                                    

"ေအး....ေအး။"

ဘကြီးနှင့်အန်တီစိုး အိမ်သို့ ဝင်သည်။အကျိုးအကြောင်း ပြောပြသည်။ဘကြီးနှင့်အန်တီစိုး ကလည်း ရပ်ကွက်တွင်း လိုက်ရှာပေးသည်။ထွက်သွားတာ မမြင်လိုက်ဘူးဟုလည်း ပြောကြသည်။ပတ်ဝန်းကျင်မှာ လိုက်ရှာသည်။ရပ်ကွက် တွင်း လိုက်ရှာသည်။အသိဆိုင်တွေကိုလည်း မေးမြန်းကြည့်သည်။အချို့က မသိ။အချို့က သတိမထားမိပေ။အချိန်ကြာသည်အထိ
မတွေ့ပါ။ရပ်ကွက်တွင်း နှံ့စပ်အောင် ရှာပြီးသည်မှာ အချိန်အတော်နှောင်းသွားပြီ။အိမ်ကိုပြန်လာရသည်။ညီနှစ်ယောက် ထမင်းချိုင့်ထည့်ပေးဖို့အတွက် အိမ်ပြန်လာရခြင်းဖြစ်သည်။ထမင်းချက်ချိန် မရှိတော့သောကြောင့် လမ်းထိပ် ထမင်းဆိုင်မှ ထမင်း၊ဟင်း ဝယ်ကာ ထမင်းချိုင့် ထည့်ပေးလိုက်ရပါသည်။

ညီနှစ်ယောက် ကျောင်းသွားပြီးသည်နှင့် ထမင်း၊ဟင်း အမြန်ချက်ကာ ထိုလူ့ကို ရှာပုံတော်ဖွင့်ရပြန်ပါသည်။
ဒီနေ့တော့ ဈေးမထွက်ဖြစ်တော့ပါ။မုန့်လက်ဆောင်းဖတ် ဒီနေ့ မယူဖြစ်ကြောင်း ကိုသား အိမ်ကို ဝင်ပြောရသည်။အုန်းနို့ရည်လည်း မယူဖြစ်ကြောင်း သွားပြောရပါသေးသည်။ကိုသား ကိုလည်း ဧည့်သည် ပျောက်နေကြောင်း ပြောရသေးသည်။

ရပ်ကွက်သုံး၊လေးရပ်ကွက် စုံသွားသည်။မတွေ့ပါ။။ညနေစောင်းလုလု ဖြစ်နေပြီ။အိမ်မှာ ညီနှစ်ယောက်လည်း ပြန်လာနေလောက်ပါပြီ။သူ မနက်က အိမ်ခဏပြန်တုန်း ထမင်းနည်းနည်းပဲ စားခဲ့သောကြောင့် အခု ဗိုက်လည်းဆာလှပြီ။ညီနှစ်ယောက် အတွက်လည်း ညစာပြင်ဆင်ပေးရဦးမည်။ခြေကုန်လက်ပန်းကျကာ အိမ်ပြန်ခဲ့ရပါသည်။အိမ်အပြန်လမ်းမှာ တွေးမိသည်မှာ သူ ဟိုနေ့က ပြောလိုက်သည့်အတွက် စိတ်ဆိုးပြီး ထွက်သွားသလား။ဒါမှမဟုတ် အိမ်ကို သတိပြန်ရလို့ပဲ တကယ်အိမ်ပြန်သွားတာလား။ဒါဆိုရင်လည်း ကောင်းပါတယ်လေ။ထိုလူ၏ မိဘလည်း စိတ်အေးရတာပေါ့။ဒါပေမဲ့ သူတို့ ညီအကိုသုံးယောက်ကိုတော့ နှုတ်ဆက်သွားသင့်သည် မဟုတ်လား။အခုတော့…

ထိုလူ လက်ထဲမှာ ပိုက်ဆံလည်း မပါ၊ စက်ဘီးလည်းမပါဘဲ ဘယ်လိုများ သွားသလဲ။တကယ်လို့ သွားလို့ ရောက်ခဲ့လျှင်လည်း ချောချောမွေ့မွေ့ကော ရောက်ရှိရဲ့လား။စိုးရိမ်စိတ် ဖြစ်မိသည်။ရက်အတော်ကြာကြာ အတူနေခဲ့သူဆိုတော့ သံယောဇဉ်တော့ အမြစ်တွယ်နေပြီပေါ့။အဆင်ပြေပြေ ချောချောမွေ့မွေ့ ရောက်ပါစေလို့ပဲ ဆုတောင်းပေး နေမိသည်။အိမ်ပြန်ရောက်လျှင် ထိုလူ့ကို မတွေ့ရတော့ဘူး ဆိုသော အသိတခုဖြင့် ရင်ထဲမှာတော့ ဟာတာတာကြီး ဖြစ်သွားမိပါသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now