"ကျိုးကျိုး ဒီမှာ ခဏလာထိုင်နေ" ချန်စီဟန်သည် လော့ကျိုးကျိုးနံဘေးမှ ခုံတန်းလျားတွင် ထိုင်ချရင်း ဆိုသည် "မင်းလည်း အားနည်းနေတယ် အကြာကြီး မရပ်နဲ့ဦး"

ဆေးလူးပြီးသော်ငြား လော့ကျိုးကျိုးလည်တိုင်တွင် လည်ပင်းညှစ်ခံထားသော အရာများ ဆိုးဆိုးဝါးဝါး ကျန်သေးကာ အသံလည်း အက်ရှလျက် ရှိသည်။

"ကျွန်တော် အဆင်ပြေပါတယ် ဘာမှ မခံစားရဘူး" လော့ကျိုးကျိုးသည် ပြောပြီး ချူဖုန်းဆီ ပြန်လှည့်ကြည့်နေသည်။

အတန်ကြာသော် ချီဖန်းသည် သွေးပညာဌာနမှူးနှင့်အတူ ထွက်လာသည်။ ချီဖန်း၏ စိုးရိမ်နေပုံ ရသော မျက်နှာကို ကြည့်ကာ လော့ကျိုးကျိုး စိုးထိတ်စွာဖြင့် မေးလိုက်သည် "ဘာဖြစ်လို့လဲဟင်"

ချန်စီဟန်နှင့် ထင်းအန်းတို့သည်လည်း ထိုင်နေရာမှ ထလာကြသည်။

ချီဖန်းက မျက်မှောင်ကုတ်ပြီး ဖြေသည် "ပလက်စ်မာ သိပ်မကျန်တော့ဘူး ဒီနေ့ ခွဲစိတ်ရတဲ့ လူနာတွေ များသွားလို့ မလောက်ဘူး ဖြစ်သွားတယ် နောက်ဆေးရုံမှာ သွားယူမလို့"

"သွားယူတာက ဘယ်လောက်လောက် ကြာနိုင်မလဲ" ချန်စီဟန်က မေးသည်။

"တစ်နာရီဝန်းကျင်လောက်ပေါ့"

"ဒီက ပလက်စ်မာကရော ဘယ်လောက် ခံနိုင်သေးလဲ"

ချီဖန်းက ခေါင်းခါပြကာ "မခံဘူး တော်တော်လေး မလောက်တာ သွေးသွင်းတာ ခဏရပ်ထားလိုက်ရင်လည်း ဘာတွေ ဖြစ်လာမယ်အတပ်မပြောနိုင်ဘူး"

လော့ကျိုးကျိုး ကြားသောအခါ ရင်ထဲ ဆို့တက်သွားရသည်။

ချန်စီဟန်က ေမးသည် "ကျွန်တော် ရဲကားမောင်းပြီး သွားယူရင်ရော မှီနိုင်မလား"

ချီဖန်းက သူ့ကို လူထူးဆန်းလို ကြည့်ကာ "ဆေးရုံကားနဲ့ သွားယူတာနဲ့ ဘာကွာလို့လဲ"

( T/N: ရဲကား ဆေးရုံကားတွေဆိုရင် ကားတွေက လမ်းဖယ်ပေးရတယ်လေ၊ ဒါကြောင့် ရဲကားဖြစ်ဖြစ် ဆေးရုံကားနဲ့ဖြစ်ဖြစ် ဘာနဲ့ သွားသွား ဒီအချိန်က ဒီအချိန်ပဲ ကြာမှာကို ဘာထူးမှာလဲလို့ ပြောတာ )

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now