( ၃၁ )

13.8K 2.3K 36
                                    

< Unicode >

အခန်း ( ၃၁ ) - ကိုယ် နေခဲ့တဲ့နေရာကို ပြမယ်

ခေါက်ဆွဲများလာချသော် အရသာမှာ အရင်တခေါက်ကလို ကောင်းနေဆဲပင်။ လော့ကျိုးကျိုးသည် ပန်းကန်ထဲ မျက်နှာချိုင့်ဝင်မတတ် ခေါင်းမဖော်နိုင်အောင် လွေးကာ စွပ်ပြုတ်ရည်များပါ အကုန်မော့သောက်ပစ်လိုက်သည်။

ပန်းကန်ခွက်ကို စားပွဲခုံပေါ် ပြန်ချချိန်တွင် ချူဖုန်းသည် သူ့ နှာခေါင်းထက်မှ ချွေးစေးများကို တစ်ရှုးဖြင့် သုတ်ပေးလိုက်ပြီးနောက် ဘော့စ်လျို့ဘက် လှည့်ပြောသည် "ကျွန်တော် ဒေါ်လေးလျို့ကို သွားတွေ့လိုက်ဦးမယ်"

ထို့နောက် ဘော့စ်လျို့ထံမှ အဖြေကိုစောင့်မနေပဲ ခုံပေါ် အကြွေစေ့တစ်စေ့တင်ပေးလိုက်ကာ စက္ကူအိတ်ကို သယ်လျက် လော့ကျိုးကျိုးအား ခေါ်၍ ဆိုင်ထဲမှ ထွက်ခဲ့လေသည်။ ချူဖုန်းသည် ဤပတ်ဝန်းကျင်နှင့် ရင်းနှီးနေပုံပင်။ ကျွမ်းကျွမ်းကျင်ကျင်ပဲ လမ်းကြားလမ်းမြှောင်များစွာကို ဖြတ်သန်းကွေ့ကောက်၍ သွားလာကာ နောက်ဆုံးတော့ လမ်းတစ်လမ်းထဲ ရောက်ရှိလာခဲ့တော့သည်။ လော့ကျိုးကျိုးသည် ဟိုဒီလျှောက်ကြည့်ရာ ထိုနေရာကို သူ မြင်ဖူးကြောင်း သိလိုက်ရသည်။ ၎င်းကား အထပ်မြင့် အနီရင့်ရောင်အဆောက်အဦးတစ်ခုဖြစ်ကာ မြေညီထပ်ရှိ ဆံသဆိုင်ရှေ့မှ ဆုံလည်မီးသည် တစ်ဝက်ပျောက်နေချေ၏။

ချူဖုန်းနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ကာ ရဲစခန်းတွင် အဖမ်းခံခဲ့ရသော ညက သူသည် လက်ထောက်ချင် ကားထဲ ထိုင်ရင်း ချူဖုန်းနှင့် မိန်းမပျိုတစ်ဦးအား လမ်းနံဘေးရပ်လျက် စကားပြောနေကြသည်ကို မြင်ခဲ့ရသည်။ ထိုအချိန်ကတော့ ချူဖုန်းတစ်ယောက် လာဒိတ်နေသည်ဟုသာ သူ မှတ်ယူခဲ့သည်။

'ဒါဆို သူ တကယ် လာဒိတ်နေခဲ့တာလား?'

လော့ကျိုးကျိုးသည် ထိုအတွေးပေါ်မိတာနှင့် ချက်ချင်းပဲ နေရထိုင်ရခက်လာကာ နှလုံးသားထဲ ဂွမ်းစကြီးဆို့ခံထားရသလိုပင်။ ချူဖုန်းသည် ဆံသဆိုင်ရှေ့ရပ်၍ လော့ကျိုးကျိုးနံဘေးရှိ လှေကားထစ်များကို ထိုးပြကာ "လေးလွှာကို တက်ရမှာ ဓာတ်လှေကားထဲ မရှိဘူးဆိုတော့ ဒီတိုင်းပဲ တက်သွားကြတာပေါ့"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now