( ၂၈ )

12.5K 2.3K 120
                                    

<Unicode>

အခန်း (၂၇ ) - ကျိုးကျိုး ကိုယ် မင်း အကူအညီလိုတယ်

လော့ကျိုးကျိုးသည် ကားထဲမှ ထွက်ထွက်ချင်းပင် အပြင်နှင့် အထဲ အအေးကွာခြားမှုကြောင့် တုန်ယင်တက်သွားရသည်။ ညဘက်သို့ ရောက်နေသည့်အပြင် အမိုးအကာ မရှိသော ဟင်းလင်းပြင်ကျယ်ဖြစ်လေရာ အပူချိန်မှာ သိသိသာသာပင် ထိုးကျနေသည်။ ဤနေရာတွင် ရှိသည်ကား လေအဟုန်နှင့်အတူ ယိမ်းထိုးနေကြသော မရိတ်သိမ်းရသေးသည့် ဂျုံစပါးပင်အကိုင်းများသာ။ လယ်မြေတစ်ခုထဲတွင်မူ မီးအလင်းများ ဖြာထွက်လျက် လူအတော်များများလည်း ရှိနေပြီး ဝေါ်ကီတော်ကီအသံတို့ပါ ကြားနေရ၏။

"ချူဖုန်း ဒီမှာ" ကားရပ်သံသည် လူများထံမှ အာရုံကို ရသွားကာ တစ်ယောက်က လက်ထောင်၍ ချူဖုန်းကို ခေါ်လိုက်သည်။ အသံအရတော့ ချန်စီဟန်ဖြစ်ပုံပင်။

"ဗိုလ်ချုပ်ချူ"

"မင်္ဂလာပါ ဗိုလ်ချုပ်ချူ"

လူအုပ်ကြီးက နှုတ်ဆက်ကြသည်။

လော့ကျိုးကျိုးသည် အသံလာရာဘက် သွားရန် ပြင်လိုက်ရာ ချူဖုန်းက လှမ်းတားသည် "ခဏနေဦး"

သူ ရပ်လိုက်သော် ခန္ဓာကိုယ်ပေါ် နွေးထွေးသော ကုတ်တစ်ထည် ရောက်လာချေသည်။ အဖြူရောင် ရှပ်ကိုသာ ဝတ်ဆင်ထားသော ချူဖုန်းသည် သူ့ နံဘေးမှ ဖြတ်သွားရင်း ဆိုသည် "သွားကြမယ် အောက်ကို ကြည့်လျှောက်ဦး"

လော့ကျိုးကျိုးသည် ကိုယ်ပေါ် လွှမ်းခြုံထားသော ယူနီဖောင်းအား တင်းကြပ်နေအောင် ဆွဲစေ့ကာ နောက်ကနေ လိုက်ခဲ့လေသည်။ ကုတ်အင်္ကျီသည် ကြီးမား၍ ချူဖုန်း၏ ခန္ဓာအပူငွေ့များ ကျန်နေသေးလျက် မိုးသွန်းရွာပြီးစ သစ်တောရနံ့လေးမျိုး စွန်းထင်နေလေသည်။ ဤသည်ကား ဖယ်ရိုမုန်းနံ့မဟုတ်ပဲ ရေမွှေးအနံ့ ဖြစ်မည်ဟု သူ ထင်မိသည်။

လော့ကျိုးကျိုးသည် ခေါင်းကို ပို တိုးငုံ့၍ ကော်လံအနား နှာခေါင်းကပ်လျက် ရှုရှိုက်ကြည့်ရာ ရင်းနှီးနေကျ ဖယ်ရိုမုန်းရနံ့အား တစ်ချက်ရပြီးနောက် ခဏတွင်းချင်းမှာပင် ပျောက်ကွယ်သွားလေသည်။ သူ နှလုံးခုန် မြန်သွားရကာ ပို၍ အနံ့လိုက်ခံကြည့်မိသည်။

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now