အပိုင်း - ၆၆ { လွန်လေခဲ့ပြီးသော ကိစ္စများ၊ အိုဟောင်းခဲ့ပြီးသော ပတ်သက်မှုများ}

2.8K 696 85
                                    

အပိုင်း - ၆၆

{ လွန်လေခဲ့ပြီးသော ကိစ္စများ၊
အိုဟောင်းခဲ့ပြီးသော ပတ်သက်မှုများ}

ဟယ့်လျန်ရိ၏နှလုံးသားမှာ ချက်ချင်းပင် စည်းချက်များ မှောက်မှားသွားတော့သည်။အကယ်၍များ ...... ထိုယောက်ျားပျိုသာ သူ၏ ညီအစ်ကိုအရင်း ဖြစ်နေခဲ့ပါမူ ...... ဘာများ ဖြစ်လာမည်နည်း။

အကယ်၍များ.....

ထိုစဥ် အပြင်ဘက်မှခြေသံများ ကြားလိုက်ရသောကြောင့် ဟယ့်လျန်ရိလည်း သတိပြန်ဝင်လာ ထိုပန်းချီကားလိပ်နှင့် သေတ္တာငယ်ကို လျို့ဝှက်အံဆွဲထဲ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် ဘာမှမဖြစ်သလိုသာ ဣန္ဒြေရစွာ  ရပ်နေခဲ့ပြီး ခေါင်းကိုငုံ့ထားလျက် အင်္ကျီလက်စအား သေသပ်အောင် ပြင်နေခဲ့သည်။ အခန်းထဲ ဝင်ရောက်လာသောသူမှာ ဝမ်ဝူကုန်းကုန်းဖြစ်ကာ သူ့အား တိုးတိုးလေးလာရောက်လျောက်တင်ခဲ့၏။

"အိမ်ရှေ့စံအရှင့်သား၊ ဘဏ္ဍာရေးရာဝန်ကြီးဌာနက လူကြီးမင်းလု ရောက်ရှိလာကြောင်းပါဘုရား"

ထိုအခါမှာမှ ဟယ့်လျန်ရိက အမှုကိစ္စများဆွေးနွေးတိုင်ပင်ဖို့ရန်အတွက် လုရှန်းအား သူခေါ်ထားခဲ့ကြောင်း အမှတ်ရသွားသည်။ ထို့ကြောင့် သူ့ကိုယ်သူ သေချာသပ်ရပ်အောင် ပြင်လိုက်ကာ ခွန်းတုံ့ပြန်လာ၏။

"အင်း၊ ငါသိပြီ"

ထို့နောက် အနည်းငယ်အလျင်လိုနေသော ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်သွားခဲ့သည်။ ဟယ့်လျန်ဖေ့၏ အိပ်ခန်းဆောင်မှ အမြန် ထွက်ပြေးသွားချင်သည့်အလား။

ဝမ်ဝူလည်း သူ့အမိန့်အား လိမ္မာကျိုးနွံစွာ နာခံလိုက်ကာ သစ်သားရုပ်တစ်ခုပမာ သလွန်ဘေးနားတွင်သာ တောင့်တောင့်ကြီးရပ်နေခဲ့နေသည်။

ဟယ့်လျန်ဖေ့၏ဘေးနားတွင် တကယ်အသုံးဝင်သောသူ နှစ်ယောက်ရှိသည်။ တစ်ယောက်မှာ ရှီကုန်းကုန်းဖြစ်ပြီး ၊ ကျန်တစ်ယောက်မှာ ဝမ်ဝူဖြစ်၏။ ရှီကုန်းကုန်းမှာ ဟယ့်လျန်ဖေ့ကို နှစ်ပေါင်းများစွာ လိုက်ပါခစားလာခဲ့ကာ အမှုကိစ္စများကို ကောင်းစွာ ကိုယ်တွယ်စီမံနိုင်သဖြင့် ဟယ့်လျန်ဖေ့၏ညာလက်ရုံးဟုပင် ယူဆ၍ရပေသည်။

အရှင်ခုနစ် Where stories live. Discover now