အပိုင်း - ၅၆ { ရှင်ဘုရင်အား သိနားလည်ကာ ရှင်ဘုရင်အား ခွင့်ပြုထားခြင်း }

2.9K 683 76
                                    

အပိုင်း - ၅၆

{ ရှင်ဘုရင်အား သိနားလည်ကာ
ရှင်ဘုရင်အား ခွင့်ပြုထားခြင်း }

ထိုစကားကို ဝူးရှီးပြောလိုက်သောအခါ ကျင်ချီး၏နှလုံးသားမှာ စည်းချက်မညီတော့ဘဲ ဗြောင်းဆန်လှုပ်ခတ်သွားခဲ့၏။ ထိုယောက်ျားပျိုမှာ ယောက်ျားနှင့်မိန်းမကိုပင် မခွဲခြားတတ်သေးသော လေးနှစ်သမီးလေးကျန်ရွှယ်နှင့်  စကားနိုင်လုနေခြင်းမဟုတ်ခဲ့။ ထိုစကားများမှာ ကျင်ချီးကြားဖို့ ပြောလိုက်ခြင်းသာ ဖြစ်သည်၊ အိမ်ရှေ့စံပါ ကြားသွားစေရန် ပြောလိုက်ခြင်းဖြစ်သည်။

အရင်ရက်များတုန်းက ဝူးရှီးမှာ နတ်ဆေးဆရာအိုကြီးထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ထိုလူအိုကြီးမှာ အတော်အိုမင်းလာပြီဖြစ်ကာ သူ့ကို လွန်စွာမှ လွမ်းဆွတ်နေခဲ့သည်။ နန်ကျန်း၏ အချုပ်အခြာအာဏာကို သူ့လက်ထဲလွှဲပြောင်းပေးလိုသော ဆန္ဒရှိကြောင်းလည်း ပြောလာ၏။ ပြန်ပြောင်းရေတွက်ကြည့်သောအခါ နန်းမြို့တော်သို့ သူ ရောက်ရှိလာခဲ့သည်မှာ ကိုးနှစ်ပြည့်လုနီးနီးပင် ရှိချေပြီ။ နန်ကျန်းနတ်ဆေးဆရာကြီး၏ အသက်နှင့် ပြန်လည်ချိန်ဆရလျှင် နန်ကျန်းနှင့်တာ့ချင့်ကြား သဘောတူညီချက်မှာ နတ်ဆေးဆရာလေးအား ဆယ်နှစ်တာကြာအောင် ဓားစာခံအဖြစ် ထိန်းသိမ်းထားရန်ဖြစ်သည်။ ဝူးရှီးမှာ သိုင်းပညာအရာတွင် လွန်စွာမှ ထူးချွန်ပြောင်မြောက်နေသော်ငြား စာပေရေးရာမှာတော့ သာမန်အဆင့် အောင်ရုံမျှသာ ဖြစ်နေခဲ့သည်။ အမှားအမှန်ရောထွေးနေသော ဤဒေသမှ သူ ထွက်ခွာသွားရတော့မည့်နေ့မှာ သိပ်မဝေးကွာတော့ပါချေ။

ထိုအကြောင်းကြောင့်ပင် ဟယ့်လျန်ရိကို သူ ​မကြောက်အားတော့ပါ။

ဟယ့်လျန်ရိလို လူစားမျိုးမှာ သူ့အမိတိုင်းပြည်၏လုံခြုံရေးအား ခြိမ်းခြောက်ထိပါးလာမည့်အရာများကို လုပ်ရဲမည့်လူမဟုတ်၊ အဆိပ်ခိုးများပြည့်နေသည့် လီသုံးထောင်ကျော်က နယ်မြေဒေသတစ်ခု၏ အနာဂတ်ခေါင်းဆောင်အလောင်းအလျာကို စော်ကားမော်ကားပြုခြင်းဖြင့် နန်ကျန်းနှင့် တာ့ချင့်ကြား စစ်မက်ဖြစ်ပွားအောင် လုပ်ရဲမည်မဟုတ်ဟု ကျင်ချီးက သူ့အား သင်ကြားပေးဖူး၏။

အရှင်ခုနစ် Where stories live. Discover now